Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

                                      လျှပ်စစ်ဥပဒေ             

( ၂၀၁၄ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၄။ )

၁၃၇၆ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၅ ရက်

(  ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ၂၇ရက်  )

ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

                                         အခန်း()

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။     ဤဥပဒေကိုလျှပ်စစ်ဥပဒေဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသောအောက်ပါစကားရပ်များသည်ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေရမည်-

(က) လျှပ်စစ်ဓာတ်အားဆိုသည်မှာစွမ်းအင်အရင်းအမြစ်တစ်မျိုးမျိုးကိုအသုံးပြု၍ထုတ်လုပ်ရရှိသည့်လျှပ်စစ်ဓာတ်အားကိုဆိုသည်။

(ခ) လျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ လျှပ်စစ်ဓာတ်အားနှင့် စပ်လျဉ်း၍စူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်း၊ ဖလှယ်ခြင်း၊ ဓာတ်အားစနစ်ကွပ်ကဲခြင်း၊ လျှပ်စစ်စမ်းသပ်စစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်း စစ်ဆေးခြင်းများကို ဆိုသည်။

(ဂ) လျှပ်စစ်ဆိုင်ရာလုပ်ပိုင်ခွင့် ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုနိုင်သည့် လုပ်ပိုင်ခွင့်ကိုဆိုသည်။

(ဃ)  ခွင့်ပြုမိန့်ဆိုသည်မှ ာလျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရန် ပုဒ်မ (၇) အရ ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူအဖြစ် သတ်မှတ်ခြင်းခံရသူက ထုတ်ပေးသောခွင့် ပြုမိန့်ကိုဆိုသည်။

( င)   လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ဆိုသည်မှာ နည်းပညာတစ်ခုခုအသုံးပြု‌၍ စွမ်းအင်အရင်းအမြစ် တစ်မျိုးမျိုးမှ စီးပွားဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဆိုသည်။

(စ)        ဓာတ်အားပို့လွှတ်ရေးစနစ်ဆိုသည်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ပင်ရင်းမှ ပင်မဓာတ်အားခွဲရုံသို့လည်းကောင်း၊ ပင်မဓာတ်အားခွဲရုံအချင်းချင်းသို့လည်းကောင်း ဓာတ်အားလိုင်းကြိုးများ၊ ဓာတ်အားလိုင်းတိုင်များ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများကိုအသုံးပြု၍ ဓာတ်အားပို့လွှတ်သည့်စနစ်ကိုဆိုသည်။

(ဆ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းဆိုသည်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံသို့ သတ်မှတ်ထားသော ဗို့အား၊လျှပ်စီးနှင့် ကြိမ်နှုန်းတို့ဖြင့်စနစ်တကျ ဓာတ်အားဖြန့်ဖြူးခြင်းကိုဆိုသည်။

(ဇ)        လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ဆိုသည်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံနှင့် ဓာတ်အားခွဲရုံတို့မှ ဓာတ်အားလိုင်းကြိုးများ၊ ဓာတ်အားလိုင်းတိုင်များ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် စနစ်ကိုဆိုသည်။

(ဈ) လျှပ်စစ်ဓာတ်အားရောင်းဝယ်ခြင်းဆိုသည်မှာ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဖလှယ်ခြင်း ကိစ္စရပ်များကို လျှပ်စစ်ဆိုင်ရာလုပ်ငန်းလုပ်ကိုင်သူနှင့် ဆက်သွယ်၍ စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်းကို ဆိုသည်။

(ည) လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းဆိုသည်မှာ သတ်မှတ်ထားသည့်ဗို့အား၊ လျှပ်စီးနှင့်ကြိမ်နှုန်းရှိသော လျှပ်စစ်ဓာတ်အားကို သတ်မှတ်ချက်များနှင့်အညီ ရယူအသုံးပြုခြင်းကိုဆိုသည်။

(ဋ)    လျှပ်စစ်ဓာတ်အားစနစ်ဆိုသည်မှာ မဟာဓာတ်အားလိုင်းစနစ်နှင့် ဒေသဆိုင်ရာ လျှပ်စစ်ဓာတ်အားစနစ်တို့ကို ဆိုသည်။

(ဌ)        မဟာဓာတ်အားလိုင်းစနစ်ဆိုသည်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ၊ ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများ ၊ဓာတ်အားဖြန့်ဖြူးရေးခွဲရုံများနှင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကို ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းပြုလုပ်နေသော တစ်နိုင်ငံလုံးနှင့် ဆိုင်သောစနစ်ကိုဆိုသည်။

(ဍ) ဒေသဆိုင်ရာလျှပ်စစ်ဓာတ်အားစနစ်ဆိုသည်မှာ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်မှုမရှိဘဲ နယ်နိမိတ်တစ်ခုအတွင်း၌ သီးခြားစနစ်တစ်ခုအဖြစ် ဓာတ်အားပေးနေသော လျှပ်စစ်ဓာတ်အား စနစ်ကိုဆိုသည်။

(ဎ) လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေဆိုသည်မှာ လျှပ်စစ်ဓာတ်အားလိုင်း တစ်လျှောက်လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် ဝန်ကြီးဌာနကသတ်မှတ်ထားသော အကွာအဝေးအတွင်းရှိ နယ်မြေကိုဆိုသည်။

(ဏ)  ဓာတ်အားစနစ်ကွပ်ကဲခြင်းဆိုသည်မှာ မဟာဓာတ်အားလိုင်းစနစ်အတွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို နည်းပညာ စံချိန်စံညွှန်းနှင့်အညီ စီမံကွပ်ကဲခြင်းကို ဆိုသည်။

(တ)  လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းဆိုသည်မှာ လျှပ်စစ်စူးစမ်းရှာဖွေခြင်း၊ လျှပ်စစ် ဓာတ်အားစနစ် ကွပ်ကဲခြင်း၊ လျှပ်စစ်ဓာတ်အားရောင်းဝယ်ခြင်းနှင့် လျှပ်စစ် ဓာတ်အား ဖလှယ်ခြင်းလုပ်ငန်းတို့မှအပ အခြားလျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးခြင်းကိုဆိုသည်။

(ထ) လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာစစ်ဆေးခြင်းဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသောလျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဓာတ်အားလိုင်းများ၊ လျှပ်စစ်တိုင်းတာရေးကိရိယာများ၏ကြံ့ခိုင်မှုနှင့်စံချိန်စံညွှန်းစစ်ဆေးခြင်းကိုဆိုသည်။

(ဒ) ဝန်ကြီးဌာနဆိုသည်မှာ ဤဥပဒေပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့ကတာဝန်ပေးအပ်သော သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနကို ဆိုသည်။

(ဓ) ဝန်ကြီးဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သော သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးကိုဆိုသည်။

(န)    လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဆိုသည်မှာ သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အားပေးရေးနယ်နိမိတ်တွင် လျှပ်စစ်ဓာတ်အားလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနကပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကိုဆိုသည်။

(ပ)   လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တစ်ခုခုနှင့်သော်လည်းကောင်း၊ ဝန်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းတစ်ခုခု သို့မဟုတ် လုပ်ငန်း၏ အစိတ်အပိုင်း တစ်ခုခုနှင့်သော်လည်းကောင်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်တို့ အစုစပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းတည်ထောင်ထားသော လုပ်ငန်းကို ဆိုသည်။

(ဖ) ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်သူဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်ခွင့်ကို တည်ဆဲဥပဒေများနှင့်အညီ ရယူပြီးလျှပ်စစ်ဓာတ်အားထုတ်လုပ်သူနှင့် ထုတ်လုပ်ရောင်းချသူကိုဆိုသည်။

(ဗ) လျှပ်စစ်ဓာတ်အားသုံးစွဲသူဆိုသည်မှာ တည်ဆဲဥပဒေများနှင့်အညီ လျှပ်စစ်ဓာတ်အားရယူ သုံးစွဲသူကိုဆိုသည်။

(ဘ) အသေးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ ၁၀မဂ္ဂါဝပ်အထိထုတ်လုပ်ပေးနိုင်သော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုဆိုသည်။

(မ) အလတ်စားလျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ ၁၀မဂ္ဂါဝပ်အထက်မှ ၃၀မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်သော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုဆိုသည်။

(ယ) အကြီးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်းဆိုသည်မှာ ၃၀မဂ္ဂါဝပ်အထက်ထုတ်လုပ်ပေးနိုင်သော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုဆိုသည်။

(ရ)   လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး စစ်ဆေးရေးမှူးချုပ်က ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။

(လ)        လျှပ်စစ်ပစ္စည်းအရည်အသွေးစစ်ဆေးချက်လက်မှတ်ဆိုသည်မှာ လျှပ်စစ်ပစ္စည်းများကို သတ်မှတ်ထားသောဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီစစ်ဆေး၍ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီကြောင်းတွေ့ရှိရသဖြင့် စစ်ဆေးရေးမှူးချုပ်က ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။

(ဝ) လျှပ်စစ်ပစ္စည်းထုတ်လုပ်သူဆိုသည်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်များ၊ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် စက်ပစ္စည်းများနှင့် လုပ်ငန်းသုံးကိရိယာများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်သူကိုဆိုသည်။

(သ) ကော်မရှင်ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော လျှပ်စစ်ဆိုင်ရာလုပ်ငန်းကြီးကြပ်မှု ကော်မရှင်ကိုဆိုသည်။

(ဟ)  စစ်ဆေးရေးမှူးချုပ်ဆိုသည်မှာ ဤဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနကခန့်အပ်သော ပုဂ္ဂိုလ်ကိုဆိုသည်။

(ဠ)    လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ဆိုသည်မှာ သတ်မှတ်ထားသော လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ရန်စစ်ဆေးရေးမှူးချုပ်က ထုတ်ပေးသောလျှပ်စစ်နှင့် စပ်လျဉ်း၍ ကျွမ်းကျင်ကြောင်းလက်မှတ်ကိုဆိုသည်။

 

အခန်း()

ရည်ရွယ်ချက်များ

၃။     ဤဥပဒေ၏ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည် -

(က)  နိုင်ငံတော်အစိုးရ၏မူဝါဒများနှင့်အညီ လျှပ်စစ်ဆိုင်ရာကိစ္စရပ်များကို စနစ်တကျစီမံခန့်ခွဲခြင်းဖြင့်လျှပ်စစ်ဓာတ်အား ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စေရန်နှင့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန်။

(ခ) ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများအပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများကို ပိုမိုအားပေးရန်။

(ဂ)    လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာနှင့် ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်စေရန်။

(ဃ) လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်စေရန်။

(င) လျှပ်စစ်ဆိုင်ရာလုပ်ငန်းများတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပါဝင်လာစေရန်။

(စ)    ခေတ်နှင့်လျော်ညီသော လျှပ်စစ်ဓာတ်အားခနှုန်းထားများ သတ်မှတ်နိုင်ရေးအတွက် မျှတသော၊ ပွင့်လင်းမြင်သာသော၊ ကျိုးကြောင်းဆီလျော်သောနည်းဥပဒေများ၊ စည်းမျဉ်းများ ရေးဆွဲပြဋ္ဌာန်းပေးနိုင်ရန်။

(ဆ)  လျှပ်စစ်ဓာတ်အားသုံးစွဲသူများသည် စံချိန်စံညွှန်းနှင့်ကိုက်ညီသော ဗို့အားနှင့် ကြိမ်နှုန်းရှိသည့် လျှပ်စစ်ဓာတ်အားကို အသုံးပြုခွင့်ရရှိစေရန်နှင့် စံချိန်စံညွှန်း မကိုက်ညီသော လျှပ်စစ်ဓာတ်အားကြောင့် သုံးစွဲသူများ၏ လျှပ်စစ်ပစ္စည်းများ ပျက်စီးဆုံးရှုံးရခြင်းမှ အကာအကွယ် ပေးနိုင်ရန်။

(ဇ) မြန်မာနိုင်ငံကအတည်ပြု လက်မှတ်ရေးထိုးထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာစာချုပ်များနှင့်အညီ လေးစားလိုက်နာဆောင်ရွက်မှုရှိစေရန်။

 

အခန်း()

ကော်မရှင်ဖွဲ့စည်းခြင်းနှင့်ကော်မရှင်၏လုပ်ငန်းတာဝန်များ

၄။     ပြည်ထောင်စုအစိုးရအဖွဲ့သည် -

(က)  လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သည့် သင့်လျော်သောပုဂ္ဂိုလ်တစ်ဦးအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေလျက် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်သော ကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူ၍ ဖွဲ့စည်းရမည်။

(ခ)    ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပေးရမည်။

(ဂ)    ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသောကော်မရှင်တွင် ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်ငါးဦး သို့မဟုတ် ခုနစ်ဦးဖြင့်ဖွဲ့စည်းရမည်။

(ဃ)  ကော်မရှင်၏ သက်တမ်းနှင့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပေးရမည်။

၅။     ကော်မရှင်၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအား လိုအပ်သော အကြံဉာဏ်ပေးခြင်း။

 (ခ)   အမျိုးသားလျှပ်စစ်စွမ်းအားမူဝါဒပြုစုရေးဆွဲရာတွင်လိုအပ်သောအကြံဉာဏ်ပေးခြင်း။

(ဂ) ခေတ်နှင့်လျော်ညီသော လျှပ်စစ်ဓာတ်အားခနှုန်းထားများ သတ်မှတ်နိုင်ရန်အတွက် လိုအပ်သောအကြံဉာဏ်ပေးခြင်း။

(ဃ) တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသီးသီးတွင် လိုအပ်ပါက လျှပ်စစ်ဆိုင်ရာလုပ်ငန်းကြီးကြပ်မှု ကော်မရှင်ခွဲများဖွဲ့စည်းပေးခြင်းနှင့် ယင်းကော်မရှင်ခွဲများ၏လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း။

(င)        လျှပ်စစ်ကဏ္ဍတစ်ခုလုံး၏ အခြေအနေများကို နိုင်ငံတကာလျှပ်စစ်စံချိန်စံညွှန်းများနှင့် နှိုင်းယှဉ်လေ့လာပြီး စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ ပြန်လည်ဆန်းစစ်ခြင်းနှင့် တွေ့ရှိချက်များအရအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအား လိုအပ်သလိုဆောင်ရွက်နိုင်ရန် အကြံဉာဏ်ပေးခြင်း။

(စ) ပုဂ္ဂလိကကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရန် သင့်လျော်သော အခြေအနေများ ဖန်တီးပေးရန်နှင့် လျှပ်စစ်ဓာတ်အားကဏ္ဍ၏ နည်းဥပဒေများကို လိုက်နာစေရန်ဆောင်ရွက်ခြင်း။

(ဆ) နိုင်ငံပိုင်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းအဖွဲ့များ၊ အခြားဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

(ဇ)    လျှပ်စစ်ဓာတ်အား ကဏ္ဍတိုးတက်စေရန် လိုအပ်သောနည်းပညာများနှင့် အတတ်ပညာများရရှိစေရေးအတွက် ပြည်တွင်းပြည်ပမှကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းရယူခြင်း။

(ဈ) လျှပ်စစ်ဓာတ်အားစနစ်၏နည်းပညာဆိုင်ရာ စည်းမျဉ်းများနှင့် စံချိန်စံညွှန်းများပြုစုရေးဆွဲရာတွင် ကြပ်မတ်ဆောင်ရွက်ခြင်း။

(ည) လျှပ်စစ်ဓာတ်အားစနစ်နှင့် င့်လျော်သောလျှပ်စစ်ဓာတ်အား ကွန်ရက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း (Grid Code) အားပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ လုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

(ဋ) လျှပ်စစ်ဓာတ်အား ပေးရေးလုပ်ငန်းများဆောင်ရွက်နေသော ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်အဖွဲ့အစည်းများက ၎င်းတို့၏လုပ်ငန်းများတွင် အသုံးပြုနိုင်သည့်ဝန်ဆောင်မှု စံချိန်စံညွှန်းများကို လိုက်နာစေရန် ကြပ်မတ်ဆောင်ရွက်ခြင်း။

(ဌ)        လျှပ်စစ်ဓာတ်အားကဏ္ဍအပေါ် စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြန်လည်ဆန်းစစ်ခြင်းတို့ကိုရည်ရွယ်၍ နိုင်ငံတကာလျှပ်စစ်လုပ်ငန်းစံချိန်စံညွှန်းများ၊ ဝန်ဆောင်မှုများ၊ဆောင်ရွက်မှုမှတ်တမ်းများနှင့် နှိုင်းယှဉ်ပြီးလျှပ်စစ်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေသော အစိုးရဌာန၊အစိုးရအဖွဲ့အစည်းများ၊ပုဂ္ဂလိကအဖွဲ့အစည်းများ ၊ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ၏ဆောင်ရွက်ချက်များ၊ လျှပ်စစ်ဓာတ်အားစနစ်နှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတစ်ခုလုံး၏ဆောင်ရွက်ချက်များကို ခွဲခြမ်းစိတ်ဖြာ၍ပြည်ထောင်စုအစိုးရ အဖွဲ့သို့ အစီရင်ခံတင်ပြခြင်း။

(ဍ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ၏ဆောင်ရွက်ချက်များမှ ရရှိလာသည့်သတင်းအချက်အလက်များအနက်မှ ပြည်သူလူထု သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် ပြည်သူလူထုသို့ အသိပေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ဎ) လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ အသုံးပြုခြင်းတို့တွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီခြင်းရှိမရှိ စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ပြည်ထောင်စုအစိုးရအဖွဲ့သို့ အကြံပြုတင်ပြခြင်း။

(ဏ) ကော်မရှင်၏လုပ်ငန်းအစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ အနည်းဆုံးခြောက်လတစ်ကြိမ်တင်ပြခြင်း။

(တ) ပြည်ထောင်စုအစိုးရအဖွဲ့ကပေးအပ်သော လျှပ်စစ်ဆိုင်ရာ အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

(ထ) ကော်မရှင်သည် လုပ်ငန်းများဆောင်ရွက်ရာတွင်  ဘက်လိုက်မှုမရှိဘဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်း။

၆။     နိုင်ငံဝန်ထမ်းမဟုတ်သော ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့်ရှိသည်။

 

အခန်း()

ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူများနှင့် ယင်းတို့၏ တာဝန်များ

၇။ အောက်ဖော်ပြပါ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအား ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူများအဖြစ် သတ်မှတ်သည် -

(က)  ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာန။

(ခ)    သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ။

(ဂ) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များ။

၈။     ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်-

(က) ပြည်ထောင်စုကစီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းနှင့် ဖလှယ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

(ခ)    ပုဒ်မခွဲ (က) ပါ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသူများအား ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ခွင့်ပြုမိန့်ရုပ်သိမ်းခြင်းတို့ကို တည်ဆဲဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်သည်။

(ဂ)        ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားနှင့် စပ်လျဉ်း၍စူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို ဖွဲ့စည်းနိုင်သည်။

(ဃ)  ပုဒ်မခွဲ (ဂ) အရလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကိုဖွဲ့စည်းရာတွင်-

(၁)    သက်ဆိုင်ရာလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ နိုင်ငံတော်က မတည်ထုတ်ပေးထားသော ရင်းနှီးငွေများကိုလည်းကောင်း၊ ဌာနကပိုင်ဆိုင်သော ငွေကြေးနှင့် ရွေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို လည်းကောင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဆက်ခံစေရမည်။

(၂)    ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ယင်းလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သီးခြားလွတ်လပ်စွာစီမံခွင့်ရှိစေရန်ဆောင်ရွက် ပေးရမည်။

(င)    ပုဒ်မခွဲ (ဂ) အရဖွဲ့စည်းသော လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ သို့မဟုတ် လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန် အများနှင့် သက်ဆိုင်သော ကော်ပိုရေးရှင်းအဖြစ် သင့်လျော်သည့် အချိန်တွင် တည်ထောင်ဆောင်ရွက်ခွင့် ပြုနိုင်သည်။

၉။     (က)        သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် မိမိဒေသအတွင်း ပြည်ထောင်စုကစီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်း မရှိသောတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းတို့ကို ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ခွင့်ပြုမိန့်ရုပ်သိမ်းခြင်းတို့ကို တည်ဆဲဥပဒေများနှင့် အညီဆောင်ရွက်ရမည်။

(ခ) သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိဒေသအတွင်းရှိမြို့နှင့် ကျေးရွာများအတွက် လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ပိုင်ခွင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ခွင့်ပြုမိန့်ရုပ်သိမ်းခြင်းကို တည်ဆဲဥပဒေများနှင့် အညီ ဆောင်ရွက်ရမည်။

(ဂ)    သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့သည် ပုဒ်မခွဲ (က) သို့မဟုတ် (ခ) တို့အရဆောင်ရွက်ရာတွင် ပြည်ထောင်စုလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာလုပ်ငန်းများနှင့် ဆက်စပ်ပါက ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

၁၀။ ဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင်-

(က) အသုံးပြုရန်လိုအပ်သော မြေပမာဏကို တည်ဆဲဥပဒေများနှင့် အညီ ရယူအသုံးပြုခွင့်ရှိသည်။

(ခ)    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် အညီ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဝန်းကျင် သက်ရောက်မှုတို့ကို ဆန်းစစ်ခြင်း၊ ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဆောင်ရွက်ခြင်း၊ ထိခိုက်မှုများအတွက် ပြန်လည်ပေးလျော်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေထည့်ဝင်ခြင်းတို့ကို ဆောင်ရွက်ရမည်။ ယင်းအချက်များကို ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသူများလည်း လိုက်နာစေရန် ဆောင်ရွက်ရမည်။

(ဂ)        လျှပ်စစ်ဓာတ်အားစနစ်အတွင်း တည်ဆောက်အသုံးပြုနေသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနှင့် ပို့လွှတ်ရေးလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားပေးစက်ရုံများနှင့် ဆက်စပ်အဆောက်အအုံများကိုတည်ဆဲဥပဒေများနှင့်အညီ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်းနှင့်ပြောင်းရွှေ့ တည်ဆောက်ခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။

 

အခန်း()

လျှပ်စစ်ဆိုင်ရာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်

၁၁။ လျှပ်စစ်ဆိုင်ရာလုပ်ငန်း တစ်ခုခုကို ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လိုသူသည် ခွင့်ပြုမိန့်ရရှိရန် ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူ ထံသတ်မှတ်ချက်များနှင့် အညီလျှောက်ထားရမည်။

၁၂။   ပြည်ထောင်စုကစီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဆိုင်ရာလုပ်ငန်းများဖြစ်ပါက ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူ ဝန်ကြီးဌာနသည်ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်းကို မဆိုပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့်ထုတ်ပေးနိုင်သည်။

၁၃။        ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနှင့်ဆက်သွယ်ခြင်း မရှိသောတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ကစီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းဖြစ်ပါက  ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့သည်ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဆိုတည်ဆဲဥပဒေများနှင့် အညီခွင့်ပြုမိန့်ထုတ်ပေးနိုင်သည်။

၁၄။ ခွင့်ပြုမိန့်ရရှိသူသည်မဟာဓာတ်အားလိုင်းစနစ်သို့ လျှပ်စစ်ဓာတ်အားရောင်းချလိုပါက ဝန်ကြီးဌာနသို့ လျှောက်ထားရမည်။ ဝန်ကြီးဌာနသည်ယင်းလျှောက်ထားချက်ကို စိစစ်ပြီးခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၁၅။        သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိဒေသအတွင်းရှိမြို့နှင့် ကျေးရွာများအတွက် လျှပ်စစ်ဆိုင်ရာလုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်းကိုမဆို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီးတည်ဆဲဥပဒေများနှင့် အညီ ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။

 

၁၆။   ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူသည်  -

(က) ပုဒ်မ၁၁အရလျှောက်ထားချက်များကို လက်ခံရရှိသည့်အခါ သတ်မှတ်ချက်များနှင့် အညီစိစစ်ပြီးခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ခ)        ခွင့်ပြုမိန့်ထုတ်ပေးရန် စိစစ်ရာတွင်ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး လျှပ်စစ်ဆိုင်ရာလုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုနှင့် ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်မှုတို့ကို အခြေခံစိစစ်ရမည်။ လုပ်ငန်းဆောင်ရွက်ရန် ငြင်းပယ်ပါကငြင်းပယ်ကြောင်း လျှောက်ထားသူအားပြန်ကြားရမည်။

၁၇။ ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူက ခွင့်ပြုမိန့်ထုတ်ပေးရာတွင် လုပ်ကိုင်ခွင့်သက်တမ်းသတ်မှတ်ခြင်းနှင့် သက်တမ်းတိုးမြှင့်ခြင်းတို့ကို တည်ဆဲဥပဒေများနှင့်အညီသတ်မှတ်ရမည်။

၁၈။   ခွင့်ပြုမိန့်ရရှိသူသည် စစ်ဆေးရေးမှူးချုပ်ထံမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် ရရှိမှသာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက် ခွင့်ရှိသည်။

၁၉။   (က)  ခွင့်ပြုမိန့်ရရှိသူသည်ခွင့်ပြုမိန့်ပါလုပ်ငန်းကို အခြားအဖွဲ့အစည်းများနှင့်ပူးတွဲဆောင်ရွက်ခြင်း၊ အခြားအဖွဲ့အစည်းများသို့ လုပ်ငန်းလွှဲပြောင်းခြင်း၊ခွင့်ပြုမိန့်ပါ လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊တစ်စိတ်တစ်ဒေသကို ဖြစ်စေရောင်းချခြင်း၊ပေါင်နှံခြင်း၊အငှားချထားခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကိုပြုလုပ်လိုပါက ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူထံသတ်မှတ်ချက်များနှင့် အညီလျှောက်ထားရမည်။

(ခ)    ပုဒ်မခွဲ (က)အရလျှောက်ထားချက်ရရှိသည့်အခါ ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူသည် စိစစ်ပြီးခွင့်ပြုခြင်းသို့မဟုတ်ငြင်းပယ်ခြင်းပြုနိုင်သည်။

၂၀။   ခွင့်ပြုမိန့်ရရှိသူသည်ခွင့်ပြုမိန့်ပါ လျှပ်စစ်ဆိုင်ရာလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရာတွင်ဝန်ကြီးဌာနက ထုတ်ပြန်သောနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊  ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။

၂၁။   (က)  ခွင့်ပြုမိန့်ရရှိသူသည် ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်သော်လည်းကောင်း၊ သတ်မှတ်ထားသည့် အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေပါက ဥပဒေအရ တာဝန်ရှိစေရမည်။

        (ခ)    သက်ဆိုင်ရာဝန်ကြီးဌာနသည် ပုဒ်မခွဲ (က) ပါ ကိစ္စရပ်များအတွက်အရေးယူရန် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို တိကျစွာ သတ်မှတ်ပြဋ္ဌာန်းရမည်။

၂၂။   (က)  ခွင့်ပြုမိန့်ရရှိသူသည် မိမိ၏ပေါ့ဆစွာဆောင်ရွက်မှုကြောင့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေပါက ဥပဒေ အရ တာဝန်ရှိစေရမည်။

        (ခ)    သက်ဆိုင်ရာဝန်ကြီးဌာနသည် ပုဒ်မခွဲ (က)ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများတွင် တိကျစွာ ဖော်ပြသတ်မှတ်ရမည်။

၂၃။   (က)  ခွင့်ပြုမိန့်ရရှိသူများ ဆောင်ရွက်နေသော လျှပ်စစ်ဆိုင်ရာလုပ်ငန်း တစ်ရပ်ရပ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပါအဝင် မလွန်ဆန်နိုင်သော ဖြစ်ရပ်တစ်ခုခုကြောင့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားစေပါက ဥပဒေအရ တာဝန်မရှိစေရ။

        (ခ)    သက်ဆိုင်ရာဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် သက်ဆိုင်သည့် မလွန်ဆန်နိုင်သောဖြစ်ရပ်များကို နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများတွင် တိကျစွာ ဖော်ပြသတ်မှတ်ရမည်။

၂၄။   လျှပ်စစ်ဓာတ်အားသုံးစွဲသူ တစ်ဦးဦး၏ ပေါ့ဆမှုကြောင့် အခြားသောလျှပ်စစ်ဓာတ်အား သုံးစွဲသူကိုဖြစ်စေ၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ရပ်ရပ်ကိုဖြစ်စေ နစ်နာပျက်ဆီးဆုံးရှုံးစေပါက ထိခိုက်ဆုံးရှုံးသည့် တန်ဖိုးအတွက် ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း တွက်ချက်ထားသည့် နစ်နာကြေးကို ပေးလျော်ရမည်။

၂၅။        ခွင့်ပြုမိန့်ရရှိသူသည် လုပ်ကိုင်ခွင့်ကာလကုန်ဆုံးချိန်တွင် ပြန်လည်လွှဲပြောင်းပေးရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍မူလအခြေအနေအတိုင်းသော်လည်းကောင်း၊ ခွင့်ပြုမိန့်ရရှိစဉ်ကစည်းကမ်းချက်များအရသော်လည်းကောင်း သဘောတူညီထားသည့်အတိုင်း သက်ဆိုင်ရာသို့ လွှဲပြောင်းပေးရမည်။

၂၆။   ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည် -

        (က) လျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

        (ခ)  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများတွင်-

       (၁)  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၌ လျှပ်စစ်ဆိုင်ရာ လုပ်ကိုင်ခွင့်အမိန့်အရ သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားကိုသာ ထုတ်လုပ်ရမည်။     

       (၂)  လျှပ်စစ်ဓာတ်အား တိုင်းတာရေးပစ္စည်းကိရိယာများ၊ အကာအကွယ်ပြုပစ္စည်းကိရိယာများကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ တပ်ဆင်ထိန်းသိမ်း အသုံးပြုရမည်။

၂၇ ။  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ လျှပ်စစ်အန္တရာယ် မတော်တဆဖြစ်ပေါ်ခဲ့လျှင် ခွင့်ပြုမိန့်ရရှိသူနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့်ရရှိသူတို့သည် စစ်ဆေးရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာန တာဝန်ခံထံ အမြန်ဆုံး အကြောင်းကြားရမည်။

အခန်း()

အရည်အသွေးနှင့်စံချိန်စံညွှန်းဆိုင်ရာသတ်မှတ်ချက်များ

၂၈။ လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုမိန့်ရရှိသူများသည် ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများတွင်ပါရှိသည့် လျှပ်စစ်ဆိုင်ရာပစ္စည်း ကိရိယာများ၏အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာသတ်မှတ်ချက်တို့ကို လိုက်နာရမည်။

၂၉။        ဝန်ကြီးဌာနသည် စက်ရုံအလုပ်ရုံများ၊ ယင်းတို့တွင်တပ်ဆင်ထားသော စက်ပစ္စည်းကိရိယာများ၊ စီးပွားရေးဆိုင်ရာအဆောက်အအုံများ ၊ပြည်တွင်းပြည်ပမှထုတ်လုပ်တင်သွင်းရောင်းချသော လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများနှင့်စပ်လျဉ်းသည့် အရည်အသွေးနှင့်စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရမည်။

 

အခန်း()

လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများစစ်ဆေးခြင်း

၃၀။ လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာ စစ်ဆေးခြင်းလုပ်ငန်းများကို ဝန်ကြီးဌာနကဆောင်ရွက်ရမည်။

၃၁။ ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အလို့ငှာ စစ်ဆေးရေးမှူးချုပ်တစ်ဦးကို ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးရမည်။ စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုကို စီးပွားရေးအလို့ငှာ တစ်နည်းနည်းဖြင့် လုပ်ကိုင်ဆောင်ရွက်နေသူ မဖြစ်စေရ။

၃၂။   စစ်ဆေးရေးမှူးချုပ်၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်သည်-

(က) လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ခြင်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ၏အရည်အသွေးစစ်ဆေးခြင်း။

(ခ)    ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသော စာချုပ်များတွင် ပါရှိသည့် စည်းကမ်းများကို ခွင့်ပြုမိန့်ရရှိသူအားအသိပညာပေးခြင်းနှင့် လိုက်နာစေရန် ဆောင်ရွက်ခြင်း။

(ဂ) မည်သည့်ဒေသတွင်မဆို လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာစစ်ဆေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ရန်လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ခုခုကို စီးပွားရေးအလို့ငှာ တစ်နည်းနည်းဖြင့် လုပ်ကိုင်ဆောင်ရွက်နေသူ မဟုတ်သည့် စစ်ဆေးရေးမှူးများအား တာဝန်ပေးအပ်ခြင်း။

(ဃ) လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်၊ လျှပ်စစ်ပစ္စည်းအရည်အသွေးစစ်ဆေးချက်လက်မှတ်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်များကို သတ်မှတ်ချက်များနှင့် အညီစစ်ဆေး၍ ထုတ်ပေးခြင်းသို့မဟုတ်ရုပ်သိမ်းခြင်း။

(င) လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို သတ်မှတ်ချက်များနှင့် အညီထုတ်ပေးခြင်း။

(စ) လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် လိုအပ်သော သက်သေများကို စစ်ဆေးခြင်း။

(ဆ)  ဝန်ကြီးဌာနနှင့်ကော်မရှင်တို့က ပေးအပ်သော စစ်ဆေးခြင်းဆိုင်ရာ  အခြားတာဝန်များ ဆောင်ရွက်ခြင်း။

၃၃။   စစ်ဆေးရေးမှူးချုပ်၊ စစ်ဆေးရေးမှူးများနှင့် ယင်းတို့က တာဝန်ပေးအပ်သူများသည် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာတွင်မည်သည့် နေရာ၊ မည်သည့်အဆောက်အအုံအတွင်းသို့ မဆိုသတ်မှတ်ချက်များနှင့် အညီ ဝင်ရောက်စစ်ဆေးခွင့်ရှိသည်။

၃၄။ ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာစစ်ဆေးခြင်းလုပ်ငန်းတို့နှင့် စပ်လျဉ်း၍အရည်အသွေးအတည်ပြုနိုင်ရန် လိုအပ်သောနိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများကို တည်ထောင်ဖွင့်လှစ်ထားရှိရမည်။

 

အခန်း ()

လျှပ်စစ်ဓာတ်အားစနစ်ဖွံ့ဖြိုးမှုစီမံရေးနှင့်ထိန်းညှိကွပ်ကဲရေး

၃၅။   ဝန်ကြီးဌာနသည် -

(က)  နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို စီမံခြင်းနှင့် ဓာတ်အားစနစ် ကွပ်ကဲခြင်းလုပ်ငန်းကို လျှပ်စစ်ဓာတ်အားကွန်ယက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် သင့်လျော်သည့် နေရာများတွင် လျှပ်စစ်ဓာတ်အား ကွပ်ကဲရေးဌာနများကို လိုအပ်သလို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ(က)အရဖွဲ့စည်းသောလျှပ်စစ်ဓာတ်အားကွပ်ကဲ ရေးဌာန၏လုပ်ငန်းတာဝန်များကိုသတ်မှတ်ပေးရမည်။

၃၆။   ဝန်ကြီးဌာနသည်-

(က) လျှပ်စစ်ဆိုင်ရာလုပ်ငန်းများခေတ်နှင့် အညီဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခေတ်မီနည်းစနစ်များ၊ပညာရှင်များ၊ ကျွမ်းကျင်သူများပေါ်ထွက်လာစေရန် လိုအပ်သောသင်တန်းကျောင်းများဖွင့်လှစ်ခြင်းနှင့် လေ့ကျင့်ပညာပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

(ခ)    ပုဒ်မခွဲ (က) ပါလုပ်ငန်းများကိုအခြားမည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆိုဆောင်ရွက်ရန်ခွင့်ပြုနိုင်သည်။       

(ဂ) လျှပ်စစ်ဓာတ်အားစနစ်ဖွံ့ဖြိုးမှုစီမံရေး ဆောင်ရွက်ရာတွင်ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရမည်။

 

 

အခန်း ()

လျှပ်စစ်ဆိုင်ရာစံချိန်စံညွှန်းများနှင့်စစ်ဆေးမှုနည်းစနစ်များ

၃၇။ ဝန်ကြီးဌာနသည်လျှပ်စစ်ဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်သောစံချိန်စံညွှန်းများ ၊စစ်ဆေးမှုနည်းစနစ်များကိုထုတ်ပြန်ရမည်။

၃၈။ လျှပ်စစ်ဆိုင်ရာစံချိန်စံညွှန်းများ စစ်ဆေးချက်ရလဒ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်စေရမည်။

၃၉။ လျှပ်စစ်ဓာတ်အားစနစ်အတွင်းသို့ဆက်သွယ်မည့် အခြားဌာန၊အဖွဲ့အစည်းများ၏ဓာတ်အားပေးစက်ရုံ၊ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများသည်ဝန်ကြီးဌာန၏သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။

၄၀။ ခွင့်ပြုမိန့်ရရှိသူများသည် ဝန်ကြီးဌာနကထုတ်ပြန်ထားသည့် နည်းဥပဒေများ၊စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီလုပ်ကိုင်ဆောင်ရွက်ရမည့်အပြင် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏လိုအပ်သောစစ်ဆေးမှုကိုခံယူရမည်။

 

အခန်း (၁၀)

လျှပ်စစ်ဓာတ်အားခနှုန်းထားနှင့်ဝန်ဆောင်မှုစရိတ်များ

၄၁။        ဝန်ကြီးဌာနသည်လျှပ်စစ်ဓာတ်အား သုံးစွဲသူများထံမှလျှပ်စစ်ဓာတ်အားခနှုန်းထားနှင့် ဝန်ဆောင်မှုစရိတ်များသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဒေသအလိုက်သင့်လျော်သောနှုန်းထားကိုပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်သတ်မှတ်ခွင့်ရှိသည်။ ယင်းလျှပ်စစ်ဓာတ်အားခနှုန်းထားများကို အခါအားလျော်စွာပြောင်းလဲသတ်မှတ်နိုင်သည်။

၄၂။        တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များသည် မိမိဒေသအတွင်းမိမိအစီအစဉ်ဖြင့်ထုတ်လုပ်ဖြန့်ဖြူးသောဒေသဆိုင်ရာ လျှပ်စစ်ဓာတ်အားစနစ်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထားနှင့် ဝန်ဆောင်မှုစရိတ်များနှင့်စပ်လျဉ်း၍ဒေသ အလိုက်သင့်လျော်သောနှုန်းထားကိုဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်ခွင့်ရှိသည်။ ယင်းလျှပ်စစ်ဓာတ်အားခနှုန်းထားများကို အခါအားလျော်စွာပြောင်းလဲသတ်မှတ်နိုင်သည်။

အခန်း(၁၁)

ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူ၏ အရေးယူပိုင်ခွင့်

၄၃။ ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူသည်ခွင့်ပြုမိန့်ရရှိသူကခွင့်ပြုမိန့်ပါစည်းကမ်းချက်သို့မဟုတ်သက်ဆိုင်ရာက ထုတ်ပြန်သောအမိန့် သို့မဟုတ်ညွှန်ကြားချက် တစ်ရပ်ရပ်ကိုဖောက်ဖျက်လျှင်ဖြစ်စေ ၊ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ဖြစ်စေ ထိုသူကိုအောက်ပါအရေးယူမှုတစ်ရပ်ရပ်ကိုချမှတ်နိုင်သည် -

(က)  ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း။

(ခ)    ခွင့်ပြုမိန့်ကိုကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်းသို့မဟုတ်ပယ်ဖျက်ခြင်း။

အခန်း(၁၂)

တားမြစ်ချက်များ

၄၄။   မည်သူမျှခွင့်ပြုမိန့်မရှိဘဲလျှပ်စစ်ဆိုင်ရာလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။

၄၅။ ခွင့်ပြုမိန့်ရရှိသူမည်သူမျှခွင့်ပြုမိန့်ပါလုပ်ငန်းမှအပအခြားမည်သည့်လျှပ်စစ်ဆိုင်ရာလုပ်ငန်းကိုမျှလုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။

၄၆။ မည်သူမျှလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်မရရှိဘဲလျှပ်စစ်တပ်ဆင်ခြင်းနှင့်ပြင်ဆင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ခြင်းမပြုရ။

၄၇။ မည်သူမျှလျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်မရရှိဘဲလျှပ်စစ်ဓာတ်အားကိုထုတ်လုပ်ခြင်း၊ပို့လွှတ်ခြင်း၊ဆက်သွယ်အသုံးပြုခြင်းမပြုရ။

၄၈။ မည်သူမျှသတ်မှတ်ထားသည့်စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသောလျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများကိုပြည်ပမှတင်သွင်းခြင်း၊ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ပြည်ပသို့တင်ပို့ခြင်း၊ဖြန့်ဖြူးရောင်းချခြင်းမပြုရ။

၄၉။ ခွင့်ပြုမိန့်ရရှိသူမည်သူမျှသက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများ၏ခွင့်ပြုချက်မရရှိဘဲအခြားမည်သည့်အဖွဲ့အစည်းနှင့်မဆိုလျှပ်စစ်ဆိုင်ရာလုပ်ငန်းများကိုပူးတွဲဆောင်ရွက်ခြင်းမပြုရ။

၅၀။   ခွင့်ပြုမိန့်ရရှိသူမည်သူမျှ ခွင့်ပြုမိန့်ကိုဖြစ်စေ၊ခွင့်ပြုမိန့်ပါလုပ်ငန်းတစ်ခုလုံးသို့မဟုတ်တစ်စိတ်တစ်ဒေသကိုဖြစ်စေလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့်သက်ဆိုင်ရာအစိုးရဌာန၊အစိုးရအဖွဲ့အစည်းများ၏ခွင့်ပြုချက်မရှိဘဲရောင်းချခြင်း၊ပေါင်နှံခြင်း၊အငှားချထားခြင်း၊လဲလှယ်ခြင်းသို့မဟုတ်အခြားတစ်နည်းနည်းဖြင့်လွှဲပြောင်းပေးအပ်ခြင်းမပြုရ။

၅၁။ မည်သူမျှလျှပ်စစ်ဓာတ်အားလိုင်းနယ်မြေအတွင်းအဆောက်အအုံဆောက်လုပ်ခြင်း၊သစ်ပင်စိုက်ပျိုးခြင်းနှင့်အခြားတစ်နည်းနည်းဖြင့်ဆောင်ရွက်ခြင်းမပြုရ။

၅၂။ ခွင့်ပြုမိန့်ရရှိသူ၏ခွင့်ပြုချက်မရှိဘဲမည်သူမျှလျှပ်စစ်ဓာတ်အားကိုသွယ်တန်းရယူခြင်း၊ဖြုန်းတီးခြင်း၊အသုံးပြုခြင်းမပြုရ။

၅၃။ မည်သူမျှလျှပ်စီးကြောင်းလွှဲပေးခြင်း၊လျှပ်စစ်ဓာတ်အားပေးသည့်လိုင်းကိုဖြတ်တောက်ခြင်း၊လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုတွင်အသုံးပြုသည့်လျှပ်စစ်ပစ္စည်းကိရိယာများကိုဖျက်ဆီးခြင်းမပြုရ။

အခန်း (၁၃)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၅၄။        မည်သူမဆိုပုဒ်မ၄၄ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှအများဆုံးကျပ်ငါးသိန်းအထိငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကိုထပ်မံကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုတစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်။

၅၅။        ခွင့်ပြုမိန့်ရရှိသူမည်သူမဆို ပုဒ်မ၄၅ပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကိုအနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကိုထပ်မံကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၅၆။ မည်သူမဆိုပုဒ်မ၄၆ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးကျပ်ငါးသောင်းမှအများဆုံးကျပ်သုံးသိန်းအထိငွေဒဏ်ချမှတ်ရမည်။

၅၇။ မည်သူမဆိုပုဒ်မ၄၇ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးကျပ်သုံးသိန်းမှအများဆုံးကျပ်တစ်ဆယ်သိန်းအထိငွေဒဏ်ချမှတ်ရမည်။

၅၈။ မည်သူမဆိုပုဒ်မ၄၈ပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကိုအနည်းဆုံးတစ်နှစ်မှအများဆုံးသုံးနှစ်အထိထောင်ဒဏ်ချမှတ်ရမည့်အပြင်ကျပ်သိန်းသုံးဆယ်အောက် မလျော့သည့်ငွေဒဏ်ချမှတ်ရမည်။ပြစ်မှုနှင့်သက်ဆိုင်သောပစ္စည်းများကိုဖျက်ဆီးရမည်။

၅၉။   ခွင့်ပြုမိန့်ရရှိသူ မည်သူမဆိုပုဒ်မ၄၉ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးကျပ်တစ်သိန်းမှအများဆုံး ကျပ်ငါးသိန်းအထိငွေဒဏ်ချမှတ်ရမည်။ယင်းပြစ်မှုကိုထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုတစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်။

၆၀။        ခွင့်ပြုမိန့်ရရှိသူမည်သူမဆို ပုဒ်မ၅၀ပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးကျပ်တစ်သိန်းမှအများဆုံးကျပ်ငါးသိန်းအထိငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကိုထပ်မံကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကိုအနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၆၁။   မည်သူမဆို ပုဒ်မ ၅၁ ပါ တားမြစ်ချက်ကို  ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ် ချမှတ် ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသောထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၂။        မည်သူမဆိုပုဒ်မ၅၂ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးကျပ်တစ်သိန်းမှအများဆုံးကျပ်သုံးသိန်းအထိငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကိုထပ်မံကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုနှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၆၃။ မည်သူမဆိုပုဒ်မ၅၃ပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကိုအနည်းဆုံးငါးနှစ်မှအများဆုံးဆယ်နှစ်အထိထောင်ဒဏ်ချမှတ်ရမည့်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်။

၆၄။ မည်သူမဆိုဤဥပဒေပါတားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်ရာတွင်အားပေးကူညီကြောင်းသို့မဟုတ်ကျူးလွန်ရန်ပူးပေါင်းကြံစည်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကိုသက်ဆိုင်ရာပြစ်မှုပါပြစ်ဒဏ်အတိုင်းချမှတ်ရမည်။

အခန်း(၁၄)

နစ်နာကြေး၊လျော်ကြေး

၆၅။   ပုဒ်မ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၂ နှင့် ၆၃တို့ပါ ပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်သူသည်မိမိ၏ ကျူးလွန်မှုကြောင့်ခွင့်ပြုမိန့်ရရှိသူတွင် ထိခိုက်ဆုံးရှုံးမှုတစ်စုံတစ်ရာပေါ်ပေါက်ပါက ယင်းထိခိုက်ဆုံးရှုံးသည့်တန်ဖိုးအတွက်ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်းတွက်ချက်ထားသည့် နစ်နာကြေးကိုပေးလျော်ရမည်။

၆၆။   ပုဒ်မ ၆၅ အရ သတ်မှတ်သည့် နစ်နာကြေးကို သတ်မှတ်ချက်များအနှင့်အညီ ကောက်ခံခွင့်ရှိစေရမည်။

၆၇။ မည်သူမဆိုဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုကိုပြတ်တောက်စေရန်ပြုလုပ်ပါကနစ်နာဆုံးရှုံးသည့်ဓာတ်အားပမာဏနှင့်ညီမျှသောတန်ဖိုးကိုဝန်ကြီးဌာနကသတ်မှတ်သည့်နည်းလမ်းအတိုင်းတွက်ချက်၍နစ်နာကြေးအဖြစ်ပေးဆောင်စေရမည်။

၆၈။        ခွင့်ပြုမိန့်ရရှိသူသို့မဟုတ် ယင်းကတာဝန်ပေးအပ်ထားသူ၏ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ တာဝန်ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ ဓာတ်လိုက်မှု၊မီးလောင်မှုဖြစ်ပွားပြီးတစ်ဦးတစ်ယောက် ထိခိုက်ဒဏ်ရာရလျှင်သို့မဟုတ်မသန်မစွမ်းဖြစ်လျှင် သို့မဟုတ်သေဆုံးလျှင် ထိခိုက်နစ်နာသူသည်ခွင့်ပြုမိန့်ရရှိသူထံမှ လျော်ကြေးကိုအောက်ပါအတိုင်း တောင်းခံခွင့်ရှိစေရမည်-

(က)  ထိခိုက်နစ်နာသူသည်တည်ဆဲ အလုပ်သမားလျော်ကြေးအက်ဥပဒေနှင့် အကျုံးဝင်သူဖြစ်ပါက ယင်းဥပဒေအရသတ်မှတ်ထားသောလျော်ကြေး။

(ခ) ထိခိုက်နစ်နာသူသည်တည်ဆဲအလုပ်သမားလျော်ကြေးအက်ဥပဒေနှင့် အကျုံးဝင်သူမဟုတ်ပါက ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများက သတ်မှတ်သောလျော်ကြေး။

အခန်း (၁၅)

အယူခံခြင်း

၆၉။   ပုဒ်မ ၆၅၊ ၆၆ နှင့် ၆၇တို့အရချမှတ်သည့်နစ်နာကြေးသို့မဟုတ် လျော်ကြေးပေးဆောင်ရန်အမိန့်နှင့်စပ်လျဉ်း၍မကျေနပ်သူသည်အမိန့်ကိုလက်ခံရရှိသည့်နေ့မှရက်ပေါင်း၃၀အတွင်းဝန်ကြီးထံအယူခံနိုင်သည်။

၇၀။ ပုဒ်မ၆၉အရအယူခံမှုတွင်ဝန်ကြီးသည်အမိန့်ကိုပြင်ဆင်ခြင်း၊ပယ်ဖျက်ခြင်းနှင့်အတည်ပြုခြင်းတို့ပြုနိုင်သည်။

အခန်း (၁၆)

အထွေထွေ

၇၁။   ဤဥပဒေပါပြစ်မှုများကိုရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုများအဖြစ်သတ်မှတ်သည်။

၇၂။   ဤဥပဒေပါပြဋ္ဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် -

(က) ဝန်ကြီးဌာနသည်နည်းဥပဒေများ၊စည်းမျဉ်းနှင့်စည်းကမ်းများကိုပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်။

( ခ ) ဝန်ကြီးဌာန၊ကော်မရှင်နှင့်ဝန်ကြီးဌာနကတာဝန်ပေးအပ်သောအစိုးရဌာန၊အစိုးရအဖွဲ့အစည်းအသီးသီးတို့သည်လိုအပ်သောအမိန့်ကြော်ငြာစာ၊အမိန့်၊ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်နိုင်သည်။

၇၃။   ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥပဒေနှင့် လျှပ်စစ်ဥပဒေ (၁၉၈၄ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၇) အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ကျင့်သုံးနိုင်သည်။

၇၄။   လျှပ်စစ်ဥပဒေ( ၁၉၈၄ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၇) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services