Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Dec 21 Posted Under: Ministry News

          နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် မရှိမဖြစ် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် လျှက်ရှိရာ ရေအားလျှပ်စစ်စီမံကိန်းများသည်လည်း တစ်စိတ်တစ်ပိုင်းမှ ပါဝင်လျှက်ရှိပါသည်။  နိုင်ငံတော်အနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားများကို ဖြည်ဆည်းပေးနိုင်ရေးအတွက် ရေအားလျှပ်စစ် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ် တောင်ဘက်မိုင်(၂၀)ခန့်အကွာ၊ မြစ်ငယ်မြစ်(ဒုဌဝတီမြစ်)ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိသော အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

          မြစ်ငယ်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  ၁၉၅၄ ခုနှစ်တွင် ဗြိတိသျှကုမ္ပဏီ Sir Alexzandra Gibb & Partners မှ ဦးစွာ စူးစမ်းလေ့လာမှုကို စတင်ခဲ့ပါသည်။ ၎င်းနောက် ၁၉၇၃ ခုနှစ်တွင် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းဌာနမှလည်းကောင်း၊ ၁၉၇၈ ခုနှစ်တွင် Burma Umbrella Project အစီအစဉ်အရ ဂျပန်နိုင်ငံ NewJec ကုမ္ပဏီမှ လည်းကောင်း၊ ၂၀၀၈ ခုနှစ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ Colenco Power Engineering Co.,Ltd တို့မှလည်းကောင်း စူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပါသည်။

          ဆွစ်ဇာလန်နိုင်ငံ Colenco Power Engineering Co.,ltd ၏ ၂၀၁၀ ခုနှစ် ၊ ဇန်နဝါရီလအတွင်း တင်ပြခဲ့သော Preliminary  Layout   Design   Studies  Report အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ခြေကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး (၂၈၀) မဂ္ဂါ၀ပ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလို၀ပ်နာရီသန်းပေါင်း (၁၄၀၉) ကို ဓာတ်အားကွန်ယက်စနစ်မှတဆင့် မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်လုပ်ဖြန့်ဖြူးသွားရန် သင့်လျော်သော စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းဒေသရှိကျေးရွာများတွင် လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ ကိုပါအကျိုးဖြစ်ထွန်းနိုင်ကြောင်း တွေ့ရှိရသဖြင့် နိုင်ငံတော်အနေဖြင့် အကောင်အထည်ဖော်ရန်သင့်လျော် သော စီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။

          အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၃)တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိပါသည်။ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် မှ စတင်ဆောင်ရွက်ခဲ့ပြီး အဓိကအားဖြင့် တည်ဆောက်ရေးလုပ်ငန်းကြီး(၈)ခု ပါဝင်ပါသည်။ အဆိုပါ လုပ်ငန်းများမှာ ရေလွှဲဥမင်လိုဏ်လုပ်ငန်း၊ ပင်မတမံလုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ ရေသွယ်ဥမင်လိုဏ်လုပ်ငန်း၊ ဖိအားမြင့်သံမဏိပိုက်လိုင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်း၊ စက်ရုံရေထုတ်မြောင်းနှင့် ဆွစ်ယာဒ်လုပ်ငန်းတို့ဖြစ်ကြပါသည်။

          အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရာတွင် နည်းပညာပိုင်း လက်ဆင့် ကမ်းရေးအစီအမံနှင့် စီမံကိန်းလုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အတိုင်ပင်ခံ အင်ဂျင်နီယာလုပ်ငန်းအား ဆွစ်ဇာလန်နိုင်ငံ The Consortium Lahmeyer International and Stucky SA မှ တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။

          အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော် ဘဏ္ဍာရံပုံငွေဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် မှစ၍ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် စူးစမ်းလေ့လာ တိုင်းတာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက် ခဲ့ပါသည်။ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ အဓိကလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် စီမံကိန်းစတင်ဆောင် ရွက်စဉ်ကပင် မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးမှတဆင့် စီမံကိန်းလုပ်ငန်းခွင်သို့ ပင်မချဉ်းကပ်လမ်းမိုင်(၂၀)ကျောက်ချောခင်းလမ်းအား ဖောက်လုပ်ထားပြီး ဖြစ်ရာ ချဉ်းကပ်လမ်းတလျောက် ဒေသ အတွင်းကျေးရွာသူ/သားများအနေဖြင့် ရာသီမရွေးအဆင်ပြေ ချောမွေ့စွာသွားလာနိုင်သည့်အပြင် ဒေသထွက်ကုန်စိုက်ပျိုးသီးနှံများကိုလည်း လျင်မြန်စွာ ရောင်းဝယ် နိုင်သည့် အကျိုးကျေးဇူးများ ရရှိလျှက်ရှိပါသည်။ စီမံကိန်းဧရိယာအနီး တောင်ခြေကျေးရွာနှင့် မန်ထန် ကျေးရွာ(၂)ရွာတည်ရှိရာ စီမံကိန်းလုပ်ငန်းခွင်မှ  လျှပ်စစ်ဓာတ်အားကို တောင်ခြေကျေးရွာသို့ ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် 11/0.4kV ဓာတ်အားလိုင်းသွယ်တန်းလျှက်ရှိရာ မကြာမီကာလတွင် လျှပ်စစ် ဓာတ်အား အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။ 

ရေလွှဲဥမင်လိုဏ်လုပ်ငန်းဆောင်ရွက်နေမှု

          ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပင်မတမံအပါအဝင် ရေအားလျှပ်စစ်အဆောက်အအုံများ တည်ဆောက်နိုင်ရန် ပထမဦးစွာ မြစ်ရေလွှဲခြင်းလုပ်ငန်းကို ဆောင် ရွက်ခဲ့ရပါသည်။ မြစ်ရေလွှဲနိုင်ရန်အတွက် ရေလွှဲဥမင်လိုဏ်လုပ်ငန်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ် မတ်လတွင် မြစ်ရေလွှဲခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး ဖြစ်ပါ သည်။ နှစ်အလိုက်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်အရ ယခုအခါ ပင်မတမံမြေကြီး/ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ရေသွယ်ဥမင်လိုဏ်မြေကြီး/ကျောက်သားတူးဖော် ခြင်းလုပ်ငန်း၊ ရေယူအဆောက်အအုံမြေကြီး/ကျောက်သားတူးဖော်ခြင်းလုပ်ငန်းနှင့် ဓာတ်အားပေးစက်ရုံ မြေကြီး/ကျောက်သားတူးဖော်ခြင်းလုပ်ငန်းများကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၃)တည်ဆောက်ရေးမှ မြို့ပြ၊ စက်မှု၊ လျှပ်စစ်၊ မိုင်း၊ ဘူမိဝန်ထမ်းများဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်လျှက်ရှိပါသည်။

ရေလွှဲဥမင်လိုဏ်မှ မြစ်ရေလွှဲခြင်းဆောင်ရွက်မှု

          အထက်ရဲရွာစီမံကိန်းတွင် တည်ဆောက်မည့် RCC (Roller Compacted Concrete) ကွန်ကရစ်တမံအတွက် ကနဦးဒီဇိုင်းလေ့လာမှုများပြုလုပ်ခြင်း၊ သုံးစွဲမည့် ဘိလပ်မြေ၊ ကျောက်၊ သဲများအား စမ်းသပ်ဓာတ်ခွဲခြင်း၊ ပစ္စည်းစမ်းသပ်မှုရလဒ်များကို အခြေခံ၍ ဓာတ်ခွဲခန်းတွင် RCC ကွန်ကရစ် စမ်းသပ်ဖျော်စပ်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။ Hydraulic Steel Structure & Electromechanical ပစ္စည်းများ (တာဘိုင်နှင့်ဂျင်နရေတာအပါအဝင် စက်မှုလျှပ်စစ် တပ်ဆင်ရေး ပစ္စည်းများ) ကို တရုတ်နိုင်ငံ ZIB (Zhejiang International Business Group Co.,Ltd ) နှင့် စာချုပ်ချုပ်ဆို မှာယူထုတ်လုပ်ခဲ့ပြီး ပစ္စည်းတချို့မှာ စီမံကိန်းသို့ပင် ရောက်ရှိနေပြီဖြစ်ပါသည်။ 

ရေတားတမံလုပ်ငန်းဆောင်ရွက်နေမှု

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးရွေးချယ် ဆောင်ရွက် လျှက်ရှိပါသည်။ နိုင်ငံတော်ဓာတ်အားလိုအပ်ချက်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သင့်သည့် စီမံကိန်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်သွားရန် လိုအပ်လျှက်ရှိရာ အဆိုပါစီမံကိန်းများတည် ဆောက်မှုကြောင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကိုလည်း မူလအခြေအနေထက် ပိုမိုကောင်းမွန်သောအဆင့်ရရှိအောင် ဆောင်ရွက်ခြင်းကို ဂရုတစိုက်ဆောင်ရွက် လျှက်ရှိပါသည်။

          အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ ပင်မတမံအတွင်း ရေမျက်နှာပြင် နိမ့်မြင့်အမှတ် (EL-395m) အထိ RCC ကွန်ကရစ်တမံ ထည့်သွင်းတည်ဆောက်ရမည်ဖြစ်ရာ တမံတည်ဆောက်မှုကြောင့် ရေမျက်နှာပြင် နိမ့်မြင့်အမှတ် (EL-397m)အောက် ကျရောက်သောရေဝပ်ဧရိယာအတွင်းရှိ ကျေးရွာ များအား စနစ်တကျပြောင်းရွှေ့နေရာချထားပေးရန် လိုအပ်လာခဲ့ပါသည်။ အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်း  ရေဝပ်ဧရိယာအတွင်းကျရောက်နေသည့်  သီပေါမြို့နယ်၊   တာလုံ(အရှေ့)ကျေးရွာနှင့် ကျောက်မဲ မြို့နယ်၊ တာလုံ(အနောက်)ကျေးရွာများမှာ ရေမျက်နှာပြင် နိမ့်မြင့်အမှတ်(EL-360m) ခန့်တွင်တည်ရှိ၍ အဆိုပါကျေးရွာ(၂)ရွာအား ရေဝပ်ဧရိယာအတွင်းမှ ဖယ်ခွာ၍ ရေလွတ်ဒေသတွင် ကျေးရွာသူ/ရွာသားများ လုပ်ကိုင်စားသောက်အခြေချနေထိုင်ရေးအတွက် ပိုမိုကောင်းမွန်သင့်လျော်သည့်ဒေသသို့ စနစ်တကျ ရွှေ့ပြောင်းနေရာချထားပေးနိုင်ရန်   စီမံဆောင်ရွက်လျှက်ရှိပါသည်။

          အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားတို့အပေါ် သက်ရောက်မှုဆိုင်ရာ ဆန်းစစ်ခြင်းများကို  Resources and Environment Myanmar Ltd(REM) အဖွဲ့မှ အသေးစိတ်လေ့လာ၍အစီရင်ခံစာ ပြုစုတင်ပြခဲ့ပါသည်။ REM အဖွဲ့သည် စီမံကိန်းမှ ဝန်ထမ်းများ နှင့်အတူ (၆.၇.၂၀၁၄) ရက်နေ့မှစတင်၍ အဖွဲ့(၃)ဖွဲ့ခွဲကာ စီမံကိန်းဧရိယာတစ်ဝိုက် လေ့လာဆန်းစစ်မှု များပြုလုပ်ခဲ့ပါသည်။ ပထမအဖွဲ့မှာ လေ၊ ရေ၊ အသံ စသည့် အရည်အသွေး စစ်ဆေးခြင်း၊ ဒုတိယအဖွဲ့မှာ ဂေဟစနစ်လေ့လာခြင်း၊ တတိယအဖွဲ့မှာ စီမံကိန်းအနီးရှိ ဒေသခံရွာသူရွာသားများနှင့်တွေ့ဆုံ၍ လူမှုစီးပွား အခြေအနေလေ့လာခြင်းများ  ဆောင်ရွက်ခဲ့ပါသည်။ 

ပင်မတမံမြေကြီး/ကျောက်သားခိုင်ခံ့မှုလုပ်ငန်းဆောင်ရွက်နေမှု

          ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ရေဝပ်ဧရိယာအတွင်းကျရောက်သော တာလုံကျေးရွာ များ၏ သဘာဝပတ်ဝန်းကျင် လူမှုစီးပွားအခြေအနေ (EIA/SIA) ကွင်းဆင်းလေ့လာမှုအစီရင်ခံစာကို သဘာဝပတ်ဝန်းကျင်နှင့်သစ်တောရေးရာဝန်ကြီးထံသို့ တင်ပြခဲ့ပြီး ဖြစ်ပါသည်။ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာအတွင်းကျရောက်သောကျေးရွာများ အဆင်ပြေချောမွေ့စွာ ရွှေ့ပြောင်းပေး ရေးဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း ဦးစီးကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်လျှက်ရှိ ပါသည်။

ဓာတ်အားပေးစက်ရုံ မြေကြီး/ကျောက်သားတူးဖော်ဆောင်ရွက်နေမှု

          တာလုံအရှေ့နှင့်အနောက် ကျေးရွာနေပြည်သူများအား စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက် ခြင်းကြောင့် ခံစားရရှိလာမည့် အကျိုးရလာဒ်ကောင်းများ၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်အရ စီမံဆောင်ရွက်ပေးရန်အစီအမံများ၊ ထောက်ပံ့ကုစားဆောင်ရွက်ပေးရမည့် အစီအမံများနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများဦးဆောင်၍ ရွှေ့ပြောင်းရမည့်ကျေးရွာလူထု ပူးပေါင်းပါဝင်လျှက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နားမခေါ်-တာလုံ ကျေးရွာချဉ်းကပ်လမ်းဖောက်လုပ်ခြင်း

          ကနဦးအနေဖြင့် အဆိုပါ ရေဝပ်ဧရိယာတွင်ပါဝင်သည့် တာလုံကျေးရွာနှင့် နားမခေါ်ကျေးရွာသို့ ဆက်သွယ် ထားသော ကျေးရွာချင်းဆက်လမ်း(၈)မိုင်ခန့်ကို ၂၀၁၅ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်ရာ တာလုံနှင့် နားမခေါ်ကျေးရွာမှ ဒေသခံဖြစ်သူများအနေဖြင့် နမ့်လန်နှင့်သီပေါမြို့နယ်များသို့ ရာသီမရွေးပိုမိုလွယ်ကူ ဆက်သွယ်သွားလာနိုင်သည့် အကျိုးကျေးဇူးများ ရရှိနေပြီဖြစ်ပါသည်။

          ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန၊ အမှတ်(၃)တည်ဆောက်ရေးမှ မြို့ပြ၊ စက်မှု၊ လျှပ်စစ်၊ ဘူမိ၊ မိုင်း အင်ဂျင်နီယာ ဝန်ထမ်းများဖြင့် ဌာနပိုင်စက်ယန္တရားများအသုံးပြု၍ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ (၂၅.၂၅၄%) ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  စီမံကိန်းတစ်ခုလုံးပြီးစီးရေး  တက်ညီလက်ညီကြိုးပမ်းဆောင် ရွက်လျှက်ရှိပါသည်။ စီမံကိန်းပြီးစီးပါက ထွက်ရှိလာမည့်ဓာတ်အားများကို ရွှေစာရံဓာတ်အားခွဲရုံမှ တစ်ဆင့် မဟာဓာတ်အားလိုင်း၏ ဓာတ်အားကွန်ယက်အတွင်းသို့ ဓာတ်အားပို့လွှတ်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်စံဓာတ်အားခွဲရုံမှတစ်ဆင့် လားရှိုးနှင့်သီပေါ ဓာတ်အားခွဲရုံများ သို့ ဓာတ်အားပို့လွှတ်သွားမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချို မြို့နယ်၊ ရပ်စောက်မြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ပါသဖြင့် အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတော်လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တဖက်တလမ်းမှ ဖြည့်ဆည်းပေးမည့် မြန်မာနိုင်ငံသားတို့၏ စီမံကိန်းကြီး ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ 

ဒုဌဝတီမြစ်ပေါ်မှ ရေအားလျှပ်စစ်ဝန်ထမ်းတစ်ဦး

PREVIOUS POST   -   NEXT POST

Published: Oct 18 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် နှင့် ရမည်းသင်းခရိုင်အတွင်းပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း

Published: Oct 17 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး

Published: Oct 15 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေးသည့်သတင်း

Published: Oct 14 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်စစ်ဆေးသည့်သတင်း

Published: Oct 13 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဗို့အားပြည့်၀စွာရရှိရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး သွားရောက်စစ်ဆေး