Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Jun 16 Posted Under: Ministry News

          လျှပ်စစ်ကဏ္ဍသည် အခြေခံကျသောလူမှုရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍများ တိုးတက်လာစေရန်အရေးပါသောအခန်းကဏ္ဍတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ သဘာဝရေစီးကိုအသုံးပြု၍လည်းကောင်း၊ ရေလှောင်တမံများတည်ဆောက်၍သော် လည်းကောင်း၊ ရေအရင်းအမြစ်ကိုအသုံးချ၍ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသောရေအားဖြင့် ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းမှာအဓိကကျသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်၌ ယခုလက်ရှိ ဓာတ်အားပေးစက်ရုံ (၂၆)ရုံ ရှိပြီး ဌာနမှတာဝန်ယူတည်ဆောက်ခဲ့သော ဓာတ်အားပေးစက်ရုံ (၁၉)ရုံ ရှိပါသည်။ ဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ဓာတ်အားပေးစက်ရုံ (၁၉)ရုံတွင် ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာနအနေဖြင့် တမံအပါအဝင်တည်ဆောက်ခဲ့သော စက်ရုံ(၇)ခုရှိပြီး ကျန်စက်ရုံများ၏ တမံပိုင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့ ပါသည်။ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သော ဓာတ်အား ပေးစက်ရုံများ၏ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနလက်အောက်ရှိ ထိန်းသိမ်းရေးဌာနခွဲမှ  တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သည့် ရေလှောင်တမံ ( ၇ ) ခုတွင် ရွှေကျင်ရေလှောင်တမံသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

          ရွှေကျင်ရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၏ အရှေ့မြောက်ဘက် (၆)မိုင်ခန့် အကွာတွင်တည်ရှိပါသည်။  ရွှေကျင်ရေအားလျှပ်စစ်စီမံကိန်းသည် စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စစ်တောင်းမြစ်၏ မြစ်လက်တက် တစ်ခုဖြစ်သည့် ရွှေကျင်ချောင်းပေါ်တွင် ၁၉၆၄ ခုနှစ်မှ စတင်ကာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ စစ်တောင်းမြစ်ဝှမ်း ဖွံ့ဖြိုးရေးအတွက် စူးစမ်းလေ့လာမှုများပြုလုပ်ကာ ဘက်စုံစီမံကိန်းတစ်ခုအဖြစ် အဆိုပြုခဲ့သော စီမံကိန်းဖြစ်ပါသည်။ ထို့နောက် ၂၀၀၁ ခုနှစ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန့်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ရေအားလျှပ်စစ်ဦးစီးဌာနတို့မှ စီမံကိန်းဖြစ်မြောက်နိုင်မှုအခြေအနေများအား အကြိမ်ကြိမ် စူးစမ်းလေ့လာမှုများပြုလုပ်ခဲ့ပါသည်။ စီမံကိန်းအသေးစိတ်ဒီဇိုင်းပုံစံထုတ်ခြင်းလုပ်ငန်းများအား ရေအားလျှပ်စစ်ဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့ဖြစ်သည့် The Kansai Electric Power Co, Inc တို့တွဲဖက်ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအား ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်မှ စတင်တည်ဆောက် ခဲ့ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ ယခုအခါ ရွှေကျင်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် တပ်ဆင်စက်အင်အား ၇၅ မဂ္ဂါဝပ် ဖြင့် နိုင်ငံတော် ဓာတ်အားကွန်ယက်စနစ်မှတဆင့် နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို စွမ်းအား အပြည့် လည်ပတ်မောင်းနှင်၍ ထောက်ပံ့ပေးလျက်ရှိပါသည်။

          ရွှေကျင်ရေလှောင်တမံသည် ဇုန်အမျိုးအစား ကျောက်ဖြည့်တမံ ဖြစ်ပြီး အလျား (၃၆၁၀) ပေ၊ အမြင့် (၁၈၅)ပေ ရှိပါသည်။ ရွှေကျင်မြို့၏နှစ်စဉ်ပျမ်းမျှမိုးရေချိန်မှာ (၁၄၄) လက်မ ရှိပြီး နှစ်စဉ်ပျမ်းမျှစီးဝင်ရေမှာ (၂,၀၁၀,၀၀၀) ဧကပေ ရှိပါသည်။ ကန်ရေပြည့်သိုလှောင်နိုင်သည့် ပမာဏမှာ ( ၁,၆၈၅,၀၀၀ ) ဧကပေ ဖြစ်သဖြင့် သိုလှောင်နိုင်သည့် ရေပမာဏအား နှစ်စဉ် လုံလောက်စွာ ရရှိပါသည်။ ကန်ရေပြည့်ထက်ပိုလျှံသည့် စီးဝင်ရေများကို ထုတ်လွှတ်နိုင်ရန် ရေတံခါး (၄)ပေါက်ပါသည့် ရေပိုလွှဲထည့်သွင်း တည်ဆောက်ထားပါသည်။ ထို့အပြင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း စသော သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက တမံအားထိခိုက်မှုမဖြစ်ပေါ်စေရန် ရေတံခါး မပါသည့် အကူရေပိုလွှဲ (၁) ခု ကိုလည်း ကြိုတင်တွက်ဆ၍ ထည့်သွင်းတည်ဆောက်ထားပါသည်။

          ရွှေကျင်တမံအား ထိခိုက်ပျက်စီးမှုမရှိစေရန်အတွက်လည်းကောင်း၊ တမံ၏ သက်တမ်း ကြာရှည်ခံစေရန်အတွက်လည်းကောင်း၊ တမံနှင့် ဆက်စပ်အစိတ်အပိုင်းများအားလုံးကို ကျွမ်းကျင် ဝန်ထမ်းများမှ နေ့စဉ်မျက်မြင်စစ်ဆေးခြင်း၊ ရေစိမ့်နှုန်းတိုင်းတာခြင်း၊ တမံရေမျက်နှာပြင် နိမ့်၊ မြင့် အမှတ်တိုင်းတာမှတ်တမ်းတင်ခြင်း၊ နေ့စဉ်မိုးရေချိန်တိုင်းတာခြင်း၊ မြေအောက်ရေနိမ့်မြင့်မှတ်တိုင်းတာခြင်း၊ တမံအတွင်း ရေဖိအားတိုင်းတာခြင်းစသော ပုံမှန်စစ်ဆေးမှုများ ဆောင်ရွက် ပါသည်။ ထိုသို့ ပုံမှန်စစ်ဆေးခြင်းအပြင် -

          (၁)   တမံ ရေမှတ်သည် ကန်ရေပြည့်မှတ်သို့ ရောက်ရှိနေသည့် မိုးရာသီ နှောင်းပိုင်းနှင့် ဆောင်းရာသီအစပိုင်းတွင် တမံ၏ အောက်ခြေနှင့် တမံ ပတ်ဝန်းကျင်တွင် ရေစိမ့်ထွက်မှုနှုန်း (Seepage) အားစစ်ဆေးခြင်း

          (၂)    တမံရေကျချိန်ဖြစ်သော နွေရာသီနှောင်းပိုင်းနှင့် မိုးရာသီအစပိုင်းတွင် တမံ၏ ရှေ့မျက်နှာပြင် (Upstream Face) အားစစ်ဆေးခြင်း

          (၃)    မိုးသည်းထန်စွာရွာခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများတိုက်ခတ်ပြီးချိန် စစ်ဆေးခြင်း

          (၄)    ငလျင်လှုပ်ခတ်ပြီးချိန်တွင် ထူးခြားမှု ရှိ/မရှိ အထူးဂရုစိုက်၍ လိုက်လံ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုမျှသာမက မိုးရာသီကာလဖြစ်သော ဇူလိုင်လမှ အောက်တိုဘာလအထိ ဝန်ထမ်းနှင့် လုပ်သားစုစုပေါင်းအင်အား (၅၀)ခန့်ဖြင့် ရွှေကျင်တမံအား နေ့/ည စောင့်ကြည့်စစ်ဆေးသကဲ့သို့ လိုအပ်ပါက တမံအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နိုင်ရန် စက်ယန္တရားကြီးများနှင့် မော်တော်ယာဉ် များပါ တမံစခန်းတွင်အသင့်ထားရှိပါသည်။ ဤသို့ဖြင့် ရွှေကျင်ရေလှောင်တမံ အန္တရာယ်ကင်းရှင်း စေရန်လိုအပ်ချက်များရှိပါက အချိန်မီသိရှိဆောင်ရွက်နိုင်ရန်  ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။

          ရွှေကျင်တမံတည်ဆောက်ခြင်းမပြုရသေးမီ ယခင်အချိန်ကာလများတွင် ရွှေကျင်မြို့နှင့် မဒေါက်မြို့တို့တွင် နှစ်စဉ်ရေကြီးခြင်း၊ လမ်းများပေါ်ရေကျော်ခြင်းများ ကြုံတွေ့ခံစားခဲ့ရပါသည်။ ရွှေကျင်တမံတည်ဆောက်ပြီးနောက်ပိုင်းတွင် ရွှေကျင်ချောင်းရေများကို တမံမှ ထိန်းပြီး သိုလှောင် နိုင်သည့်အတွက် တမံ၏အောက်ဘက်ရှိ မြို့ရွာများမှာ ရေကြီးခြင်းအန္တရာယ်နှင့် ကင်းဝေးခဲ့ရ ပါသည်။ ရွှေကျင်ဓာတ်အားပေးစက်ရုံနှင့် နီးကပ်စွာတည်ရှိသည့် ရွှေကျင်မြို့၊ မဒေါက်မြို့တို့ မှာလည်း လျှပ်စစ်မီးပြည့်ဝစွာ အသုံးပြုနိုင်ပါသည်။ ထို့အပြင် ရွှေကျင်ဒေသပွဲတော် ဖြစ်သော ရွှေကျင်မီးမျှောပွဲအတွက် လိုအပ်သော ရေအားရေပိုလွှဲနှင့်ဓာတ်အားပေးစက်ရုံတို့မှ အလွယ်တကူ ထုတ်လွှတ်ပေးနိုင်ခြင်း၊ အခြားအချိန်များတွင် သောက်သုံးရေအတွက် ဓာတ်အားပေးစက်များ မောင်းနှင်၍ ထုတ်လွှတ်ပေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။

          သို့ဖြစ်ပါ၍  ရွှေကျင်ရေအားလျှပ်စစ်ရေလှောင်တမံသည် နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရာတွင် အထောက်အကူပြုခြင်း၊ ရွှေကျင်မြို့နှင့် မဒေါက်မြို့ များအား ရေကြီးခြင်းမှ ကာကွယ်ပေးခြင်း၊ သောက်သုံးရေအား တစ်နှစ်ပတ်လုံး မပြတ်စေရန် ထိန်းညှိထုတ်လွှတ်ပေးခြင်းစသော ကောင်းကျိုးများ ဖြစ်ထွန်းစေပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မျိုးတင့်ထွန်း

PREVIOUS POST   -   NEXT POST

Published: Oct 18 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် နှင့် ရမည်းသင်းခရိုင်အတွင်းပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း

Published: Oct 17 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး

Published: Oct 15 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေးသည့်သတင်း

Published: Oct 14 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်စစ်ဆေးသည့်သတင်း

Published: Oct 13 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဗို့အားပြည့်၀စွာရရှိရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး သွားရောက်စစ်ဆေး