Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Jan 11 Posted Under: Ministry News

နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

          (၄)ကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (4TH MEETING OF THE BAY OF BENGAL INITIATIVE FOR MULTI-SECTORAL TECHNICAL AND ECONOMIC COOPERATION (BIMSTEC) SENIOR OFFICIALS’ ON ENERGY) ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဟိုတယ်ဇုံ(၁)ရှိ ဟိုတယ်ရွှေပြည်တော်၌ ကျင်းပလျက်ရှိပြီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အဖွဲ့ဝင်နိုင်ငံများအကြား ကဏ္ဍ ပေါင်းစုံ၌ နည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်ဖွဲ့စည်းခဲ့သည့် ဘင်းမ်စတက်အဖွဲ့သည် သယံဇာတအရင်းအမြစ်များနှင့် ပထဝီအနေအထားတို့ကိုအခြေခံ၍ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ ဒေသတွင်းစွမ်းအင်ဖူလုံရေးနှင့် ပိုမိုခိုင်မာကောင်းမွန်သည့် အသိုက်အဝန်းဖော်ဆောင်ရေး တို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားပင်လယ်အော်ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်ရေးဧရိယာ ၁၄ ခု၌ စွမ်းအင်ကဏ္ဍပါဝင်ပြီး မြန်မာ နိုင်ငံအနေဖြင့် ၁၉၉၉ ခုနှစ်ကတည်းက ဘင်းမ်စတက်စွမ်းအင်ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ကာ ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဘင်းမ်စတက်စွမ်းအင်ကျွမ်းကျင်အရာရှိများအစည်းအဝေးကို(၅)ကြိမ် တိုင်တိုင် အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပပေးခဲ့ကြောင်း၊ ယခု ဘင်းမ်စတက်စွမ်းအင်အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းသည် နိုင်ငံတော်အစိုးရသစ်၏ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများကိုသာမက ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းမှု လုပ်ငန်းစဉ်များကိုပါ အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြသခြင်းပင်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ဂိုအာတွင် ကျင်းပပြုလုပ်ခဲ့သည့် BRICS BIMSTEC Leaders’ Outreach Summit ၌ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များသည် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန် ဘင်းမ်စတက် ဓာတ်အားကွန်ယက်ချိတ်ဆက်ကုန်သွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် ဘင်းမ်စတက်စွမ်းအင်ဗဟိုဌာနဖွင့်လှစ်နိုင်ရေး နားလည်မှုစာချွန်လွှာတို့ကို လက်မှတ် ရေးထိုးရန်၊ ဖွံ့ဖြိုးတိုးတက်သည့်အသိုက်အ၀န်းထူထောင်နိုင်ရေးနှင့် ဒေသတွင်းစွမ်းအင်ကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် ပြန်ပြည့်မြဲစွမ်းအင်နှင့် သန့်ရှင်းသောစွမ်းအင်အရင်းအမြစ်များ တိုးချဲ့ရှာဖွေ ထုတ်လုပ်ကြရန် သဘောတူခဲ့ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံအသီးသီးတို့မှ စွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များတို့အနေဖြင့် BRICS BIMSTEC Leaders’ Outreach Summit သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအလေးထားဆွေးနွေးသွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် အစည်းအဝေးတက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ဖွင့်ပွဲအခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။

          အစည်းအဝေးဖွင့်ပွဲအခမ်းအနားအပြီးတွင် (၄)ကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အစည်းအဝေးတက်ရောက်သူများမှ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ဖူလုံမှုဆိုင်ရာကိစ္စများ တိုးမြှင့်လုပ်ဆောင်သွားမည့်အခြေအနေ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ နှစ်စဉ်တိုးတက်လျက်ရှိသည့် စွမ်းအင်လိုအပ်ချက်နှင့် ဖြည့်ဆည်းနိုင်မှု ကွာဟချက်ကျဉ်းမြောင်းစေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအကြား ပြန်ပြည့်မြဲစွမ်းအင်သုံးစွဲမှုနှင့် မဟာဓာတ်အားလိုင်းဆက်သွယ်ခြင်းအပါအဝင် စဉ်ဆက်မပြတ် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ ဘင်းမ်စတက်မဟာ ဓာတ်အားလိုင်း ချိတ်ဆက်နိုင်ရေးနှင့် ဘင်းမ်စတက်စွမ်းအင်ဗဟိုဌာနဖွင့်လှစ်နိုင်ရေး နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အစီအမံများအား ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ပါသည်။

          (၄)ကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်၊ နီပေါတို့မှ စွမ်းအင်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ ဘင်းမ်စတက်တာဝန်ရှိသူ များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်လျက်ရှိပါသည်။  

PREVIOUS POST   -   NEXT POST

Published: Aug 11 Posted Under: Ministry News

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောက်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုရန် Insulators and Related Fitting များ ဝယ်ယူရန်အတွက် သတ်မှတ်စံချိန်စံညွှန်းများ ထုတ်ပြန်ကြေငြာခြင်း

Published: Jul 28 Posted Under: Ministry News

ပုထိုးလုံ-ကျော ၆ လက်မပိုက်လိုင်း ၈.၂၅မိုင် ဆက်သွယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါတွင် တင်ပြရမည့် အချက်အလက်များနှင့် စည်းကမ်းချက်များ အသိပေးထုတ်ပြန်ခြင်း