The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတိပြုဖွယ် လျှပ်စစ်အန္တရာယ် (၈)

 

ဓာတ်အားလိုင်းကြိုးများ နိမ့်ကျခြင်း၊ ဓာတ်အားလိုင်းကြိုးများ ပြုတ်ကျခြင်းများကြောင့် လျှပ်စစ်အန္တရာယ်ဖြင့် အသက်ဆုံးရှုံးမှု ဖြစ်စဉ်များသည် လူသိများသော ဖြစ်စဉ်များ ဖြစ်ပါသည်။ လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုဖြစ်စဉ်များတွင် စတုတ္တအများဆုံးဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားလိုင်းကြိုး ပြုတ်ကျမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဓာတ်လိုက်မှုဖြစ်စဉ်များအနက်မှ အချို့ကို ဖော်ပြရပါက-

  1. ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က မွန်ပြည်နယ်၊ တောင်စွန်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ၄၀၀ဗို့ ဓာတ်အားလိုင်းပေါ်သို့ ဗန်ဒါပင်ကျိုးကျ၍ ဓာတ်အားလိုင်းကြိုး ပြတ်ကျခဲ့ပါသည်။ ၎င်းအချိန်တွင် မော်တော်ဆိုင်ကယ်စီးလာသော လူသုံးဦးနှင့် ပြတ်ကျသောကြိုးတို့ ထိမိပြီး တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။

  2. ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁၅ ရက်နေ့က မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းပေါ်သို့ အုန်းလက်ခြောက်ပြုကျသဖြင့် ကြေးကြိုးတစ်ချောင်း ပြတ်ပြီး မြေကြီးနှင့်မထိဘဲ လေထဲတွင် တန်းလန်းဖြစ်နေပါသည်။ ၎င်းအချိန်တွင် ဈေးရောင်းရန် ထွက်လာသော အမျိုးသမီးတစ်ဦးမှ အဆိုပါ ကြေးကြိုးကိုမမြင်ဘဲ ဝင်တိုက်မိရာမှ ဓာတ်လိုက်၍ သေဆုံးခဲ့ပါသည် ။

  3. ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့၊ စျေးကုန်းရပ်ကွက်တွင် လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကြေးကြိုးတစ်ချောင်းမှာရေဗွက်အိုင်အတွင်းသို့ပြတ်ကျနေပါသည် ။ 

အသက် ၁၀ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးမှ ၎င်းင်းရေဗွက်အိုင်အတွင်းသို့ ဆော့ကစားရာ ရေဗွက်အိုင်မှာ ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်အား စီးဝင်နေသဖြင့် ဓာတ်လိုက်မှုဖြစ်၍ သေဆုံးခဲ့ပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားလိုင်းကြိုးများ နိမ့်ကျခြင်း၊ ပြတ်ကျခြင်း များ ဖြစ်ပွားမှုကြောင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရန်အတွက် အောက်ပါအခြေခံ အချက်များကို ပြုပြင်ဆောင်ရွက်လျက်ရှိပါသည်-

  1. ဓာတ်အားလိုင်း သစ်သားတိုင်၊ သံတိုင်များ နှစ်ကြာမြင့်မှုကြောင့် ကြံ့ခိုင်မှု အားနည်းပြီး မိုးလေတိုက်ခတ်သည့်အခါ တိုင်များ ယိုင်လဲခြင်း၊ တိုင်များ ကျိုးခြင်းများဖြစ်ပေါ်လျက်ရှိရာနှစ်စဉ်ဘဏ္ဍာငွေရရှိမှုအရ အစားထိုးလဲလှယ်ခြင်း၊ ယာယီကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

  2. မီးသုံးစွဲသူ တိုးတက်များပြားလာသည့်အတွက် ဓာတ်အားလိုင်းကြိုးများ ခံနိုင်ဝန်အားထက် ကျော်လွန်မှုများကြောင့် လိုင်းကြိုးများ အိကျခြင်း၊ လိုင်းကြိုးများ အချင်းချင်းရိုက်ခတ်ပြီးကြိုးပြတ်ကျခြင်းများ ဖြစ်ပွားလျက်ရှိရာ နှစ်စဉ်အစားထိုးလဲလှယ်မှုများ ဆောင်ရွက်လျက် ရှိပါသည်။

  3. ဆားဗစ်ကြိုးနှင့် ဓာတ်အားလိုင်းကြိုး ချည်နှောင်ထားသောနေရာတွင် ရာသီဥတုဒဏ် ကြောင့် ဖြေလျော့သွားခြင်းကြောင့် ၎င်းနေရာတွင် (Loose Connection)အပူဖြစ်ပေါ်ပြီးလိုင်းကြိုးပြတ်ကျခြင်းများ ဖြစ်ပွားလျက်ရှိရာ နှစ်စဉ်အစားထိုး လဲလှယ်မှုများ ဆောင်ရွက် လျက်ရှိပါသည်။

 

   

     4. ဓာတ်အားသုံးစွဲသူများ၊ တရားမဝင် ဓာတ်အားသုံးစွဲသူများသည် ဆားဗစ်ကြိုးထိပ်တွင် ချိပ်ကောက်ပြုလုပ်ထားပြီး ဓာတ်အားလိုင်းကြိုး ပြောင်းလဲချိတ်ဆက် သုံးစွဲရာမှ ဆားဗစ်ကြိုးနှစ်လိုင်းကြိုးထိသော              ယင်းနေရာများတွင် ခိုင်မြဲမှု မရှိခြင်းကြောင့် (Loose Connection)အပူဖြစ်ပေါ်ပြီး လိုင်းကြိုးပြတ်ကျခြင်းများ ဖြစ်ပွားလျက်ရှိရာ နှစ်စဉ် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။

    5. အချို့မြို့/ကျေးရွာများတွင် ဓာတ်အားရရှိရေးကို အရေးပေါ် ဆောင်ရွက်ခဲ့ကြရာတွင် စံချိန်စံညွှန်း မကိုက်ညီသော လိုင်းကြိုးများ သုံးစွဲခဲ့ခြင်း၊ ကြေးကြိုးများအစား သတ္တုကြိုးများ၊ အလူမီနီယမ်ကြိုးများ                သုံးစွဲတည်ဆောက်ထားခဲ့ပါသည်။ ယင်းတို့ကိုလည်း စံချိန်စံညွှန်းနှင့်ကိုက်ညီသော ကြိုးများဖြင့် နှစ်စဉ် အစားထိုးလဲလှယ်လျက်ရှိပါသည်။

    6. ဓာတ်အားခွဲရုံများရှိ နှစ်ကြာ စက်ပစ္စည်းများ (Protection Equipment)ကိုလည်း စီမံချက် ဖြင့် လဲလှယ်လျက်ရှိပါသည်။

    7.သစ်ပင်သစ်ကိုင်းများ ရိုက်ခတ်မှု၊ ကျိုးကျမှု၊ ပြိုလဲမှုများကြောင့် ဓာတ်အားလိုင်းကြိုးများ  ပြတ်ကျခြင်းများ ဖြစ်ပွားလျက်ရှိရာ ဓာတ်အားလိုင်းကြိုးများနှင့် ထိနေသောသစ်ပင်သစ်ကိုင်းများကို                             လည်း နှစ်စဉ် ရှင်းလင်းဆောင်ရွက်နေပါသည်။ 

 

   8. ဓာတ်အားလိုင်းများ တိုးတက်တည်ဆောက်လာခြင်း၊ မီးသုံးစွဲသူ တိုးတက်လာခြင်းကြောင့် လျှပ်စစ်ရုံးများသည် လက်ရှိ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဆောင်ရွက်ရသည့် လုပ်ငန်းများ များပြားနေပါသည်။ ဖွဲ့စည်းပုံ          ပြုပြင်ပြီး ဝန်ထမ်းအင်အား တိုးချဲ့ခန့်ထားရေးကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

  9. ဓာတ်လိုက်မှုဖြစ်စဉ်များကို စုံစမ်းစစ်ဆေး၍ ဝန်ထမ်းများ၏ ပေါ့လျော့မှုကြောင့် ဖြစ်ပွားမှု များရှိပါကလည်း အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိပါသည်။

          လူနေရပ်ကွက်၊ ကျေးရွာများအတွင်း ဓာတ်အားဖြန့်ဖြူးပေးရန်အတွက် တည်ဆောက်ထားသော ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများတွင် အစားထိုးလဲလှယ်ရန် လုပ်ငန်းများစွာရှိပါသည်။ ထို့အပြင် ဓာတ်အားမရရှိသေးသောဒေသများ ဓာတ်အားရရှိရေးအတွက် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ အသစ်တည်ဆောက်လျက်ရှိရာ အသစ်တည်ဆောက်ခြင်းနှင့် လက်ရှိ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ များ ကြံ့ခိုင်ထိန်းသိမ်းမှုများကို နှစ်စဉ်စီမံချက်ချ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် နိုင်ငံတော်ဘဏ္ဍာ ငွေဖြင့် ဆောင်ရွက်မှုများသာမက ပြင်ပနိုင်ငံခြား အကူအညီချေးငွေများ ရယူ၍လည်း ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိအသုံးပြုနေသော Bare Copper Wire (Open Wire)လိုင်းကြိုးများသည် လျှပ်စစ် အန္တရာယ်ရှိခြင်း၊ ဓာတ်အားပျောက်ဆုံးမှုများခြင်းတို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သုံးစွဲလျက်ရှိသောInsulated Wire များဖြင့် အစားထိုးလဲလှယ်မှုများကိုလည်းဆောင်ရွက်လျက်ရှိပါသည်။

 

လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတစ်ခုဖြစ်သော ဓာတ်အားလိုင်းကြိုးများတွင် Earth Ring, Earth Bar, Earth Wire စနစ်များ တပ်ဆင်ခြင်း၊ လိုင်းကြိုးတစ်ချောင်းပြတ်ပါက လိုင်းကြိုး အချင်းချင်း ထိန်းထားနိုင်သော LinkConnection (တွဲဆက်ကြိုး)တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်း တစ်လျှောက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

          အများပြည်သူများအနေဖြင့်လည်း ဓာတ်အားလိုင်းကြိုးများ နိမ့်ကျခြင်း၊ ပြတ်ကျခြင်းများ တွေ့ရှိပြီး ကိုင်တွယ်ဖယ်ရှားခဲ့ပါက လျှပ်စစ်အန္တရာယ် ရှိမည်ဖြစ်ပါသည်။ အန္တရာယ်သိ၍ ရှောင်လွှဲသွားပါကလည်း အခြားမသိနားမလည်သူများတွင် လျှပ်စစ်အန္တရာယ်ရှိနိုင်ပါသဖြင့် လျှပ်စစ်ကျွမ်းကျင်သူများ၊ နီးစပ်ရာ လျှပ်စစ်ရုံးများသို့ ဆက်သွယ်အကြောင်းကြားပေးခြင်းဖြင့် လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှုမှ ကာကွယ်ပေးရာ ရောက်ပါကြောင်း ဖော်ပြအပ်ပါသည်။

ဓာတ်အားလိုင်းကြိုးများကြောင့် လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရန် သတိပြုမည့် အချက်များ အနေဖြင့်-

 

 

  1. ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ လဲကျကျိုးကျနေခြင်းများ တွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုရ၊ နီးစပ်ရာ လျှပ်စစ်ရုံးသို့ အကြောင်းကြားပါ။

  2. မိုးလေကျရောက်ပြီးသည့်အခါတိုင်း ဓာတ်တိုင်များ ယိုင်လဲခြင်း၊ ဓာတ်ကြိုးများ ပြတ်ကျ ခြင်းများ ဖြစ်ပေါ်တတ်သည့်အတွက် တွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုရ၊ နီးစပ်ရာ လျှပ်စစ်ရုံး သို့ အကြောင်းကြားပါ။

ဝေယံ

03-Jan-2018