The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုလမ်းမကြီး၊လှော်ကားလမ်းမကြီးများပေါ်ရှိ အန္တရာယ်ရှိဓာတ်တိုင် ၁၀၀၀ ခန့်အားအမြန်ဆုံး လဲလှယ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် လိုအပ်လျက်ရှိသော ထရန်စဖော်မာ၄၀ လုံးအား အမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်‌မေးခွန်း

ဦးအေးနိုင်(ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်)

         ပြည်ထောင်စုလမ်းမကြီးနှင့် လှော်ကားလမ်းမကြီးများသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၏ အဓိကလမ်းမကြီးများဖြစ်ပြီး ယာဉ်သွားလာမှုအများဆုံးဖြစ်သည့်အတွက် ၎င်းလမ်းမကြီးများကို အကျယ် ၂၄ ပေ နှစ်လမ်းသွားမှ ၄၈ ပေအကျယ် လေးလမ်းသွားလမ်းမကြီးများအဖြစ် တိုးချဲ့ပေးလျက်ရှိပါကြောင်း၊ ဤသို့တိုးချဲ့ပေးပါသော်လည်း လမ်းအလယ်တွင် ကျန်ရစ်ခဲ့သည့် ဓာတ်တိုင်ကြီးများကြောင့် ပေးကားပေး၏မရဖြစ်သကဲ့သို့ ယာဉ်သွားလာ၍မရဘဲ ယာဉ်ရပ်နားရန် နေရာ၊ ဈေးရောင်းရန်နေရာများ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလမ်းမကြီး၊ လှော်ကားလမ်းမကြီးများပေါ်ရှိ ဓာတ်တိုင်များကို အမြန်ဆုံးပြောင်းရွှေ့ပေးရန် လိုအပ်ပါကြောင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ရပ်ကွက်ပေါင်း(၃၂)ရပ်ကွက်ရှိ လမ်းများပေါ်ရှိ ဓာတ်တိုင်များ အချို့သည် ကျိုးပဲ့နေခြင်း၊ ယိုင်လဲနေခြင်း၊ သံချောင်းများပေါ်နေခြင်းတို့ကြောင့် အမြန်ဆုံး လဲလှယ်ပေးပါရန် လိုအပ်ပါကြောင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သည် မီးသုံးစွဲမှုအင်အား ၇၂,၀၀၀ ခန့်ရှိပြီး စက်မှုဇုန်လေးဇုန်ရှိသည့်အတွက် မီးမကြာခဏ ပြတ်တောက်ခြင်းခံနေရသော ဒဂုံမြို့သစ်(တောင်ပိုင်း) အတွက် လိုအပ်နေသော ထရန်စဖော်မာအလုံး ၄၀ အားလည်း ချထားပေးပါရန် လိုအပ်ပါကြောင်း၊ထို့ကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီး၊ လှော်ကားလမ်းမကြီးများပေါ်ရှိ ဓာတ်တိုင်များကို အမြန်ဆုံးပြောင်းရွှေ့ပေးရန်၊ အန္တရာယ်ရှိဓာတ်တိုင် ၁,၀၀၀ ခန့်အား အမြန်ဆုံး လဲလှယ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အတွက် လိုအပ်လျက်ရှိသော ထရန်စဖော်မာ ၄၀ လုံးအား အမြန်ဆုံးချထားပေးရန်  အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

             ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပြောင်းရွှေ့ရန် လိုအပ်သည့် ဓာတ်တိုင် ၂၅၀ ကို ပြောင်းရွှေ့ပြီးဖြစ်ပါကြောင်း၊ လှော်ကားလမ်းမကြီးပေါ် ရွှေ့ပြောင်းရန် ဓာတ်တိုင် ၂၁၅ တိုင်အနက် ၁၀ တိုင်သာ ပြောင်းရွှေ့ရန် ကျန်ရှိသည်ကိုလည်း ဇူလိုင်လကုန်တွင်ပြီးစီးအောင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဟောင်းနွမ်းပျက်စီးနေသော၊ ယိမ်းယိုင်နေသော အန္တရာယ်ရှိ ဓာတ်တိုင် ၁,၀၀၀ ခန့်ကို မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် Franchise ကုမ္ပဏီများက ကွင်းဆင်းစစ်ဆေးခဲ့ရာ လတ်တလော ပျက်စီးနေသည့် အန္တရာယ်ရှိဓာတ်တိုင် ၂၁၁ တိုင်ကို ၂၀-၇-၂၀၂၀ ရက်နေ့အထိ ၅၃ တိုင်လဲလှယ်ပြီးဖြစ်သောကြောင့် ၁၅၈  တိုင်လဲလှယ်ရန် ကျန်ရှိလျက်ရှိပါကြောင်း၊ ကျန်ရှိနေသည့် ဓာတ်တိုင်များကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ၇၄ တိုင်နှင့် ကုမ္ပဏီက ၈၄ တိုင်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအပြီး လဲလှယ်ရန်စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊ထို့အပြင်  တိမ်းစောင်းနေသည့် ဓာတ်တိုင်များကို  ပြန်လည်တည့်မတ်ပြီး  ကွန်ကရစ် Footing  လောင်းခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်များအတွင်း ဝန်အား ပြည့်နေသော ထရန်စဖော်မာအလုံး ၄၀ ရှိသော်လည်း ယင်းမြို့နယ်အတွင်း တပ်ဆင်ထားသည့် ထရန်စဖော်မာများကို ဝန်အားမျှပေးစေခြင်း(Load Balancing)၊ (Load Sharing) နည်းများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး စိစစ်တွေ့ရှိရသဖြင့် ထရန်စဖော်မာ အသစ်များ ထပ်မံတပ်ဆင်ပေးရန် ယခုအချိန်တွင် လိုအပ်ခြင်း မရှိသေးပါကြောင်း၊ အဆိုပါမြို့နယ်အတွင်း ဝန်အားမျှခြင်းနှင့် လုပ်ငန်းဆောင်ရွက်ပေးခြင်းများနှင့် ကျန်ရှိသည့် ထရန်စဖော်မာ ၁၅ လုံးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ဝန်အားမျှပေးခြင်းလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးအေးနိုင်[ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်]က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။  

          လမ်းမများပေါ်ရှိ ဓာတ်တိုင်များရွှေ့ပြောင်းခြင်း၊ ထရန်စဖော်မာများ ချထားပေးခြင်းများကို သိရှိပါကြောင်း၊ သို့သော် လိုအပ်နေသည့်အတွက် ထပ်မံတောင်းခံရခြင်းဖြစ်ပါကြောင်း၊ မြို့နယ်တွင် ရပ်ကွက်လိုက်ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် ရပ်ကွက်ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့များနှင့် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် တင်ပြတောင်းဆိုမှုများအရ ဓာတ်တိုင်လဲပေးရမည့် စာရင်းကို ထပ်မံပြီးစိစစ်ပေးရန် အစီအစဉ်ရှိ/မရှိ  မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

             ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၏ဓာတ်တိုင်များကိစ္စနှင့် ထရန်စဖော်မာများကိစ္စကိုအလေးထားပြီး ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထပ်မံ၍ အနီးကပ်ကြီးကြပ်မှုများနှင့် စစ်ဆေးမှုများဆောင်ရွက်ပြီးသည့်အခါ အမှန်လိုအပ်သည့် ရွှေ့ပြောင်းမှုများ၊ ထရန်စဖော်မာများတွင် Loading AMP ညီမျှမှု ရှိ/မရှိ၊ နိုင်နင်းမှုရှိ/မရှိကို အသေးစိတ်စစ်ဆေးပြီး လိုအပ်သည့် ထရန်စဖော်မာများ၊ လိုင်းများကို ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

https://www.pyithuhluttaw.gov.mm/question-4371

 

14-Aug-2020