The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ကိုကိုးကျွန်းမြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖြင့် (၂၄)နာရီ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပြီ

ရန်ကုန် - ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်သည် ကမ်းရိုးတန်းနှင့် အလှမ်းကွာဝေး သော ကပ္ပလီပင်လယ်တွင်းရှိ ကျွန်းမြို့နယ် တစ်ခု ဖြစ်ပြီး၊ ဆက်သွယ်သွားလာရေးလည်း ခက်ခဲသော နေရာတစ်ခု ဖြစ်ရာ ယခင်က ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့သော်လည်း ယခုအခါ ရန်ကုန်တိုင်း ‌ဒေသကြီးအစိုးရနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျွန်းပေါ်တွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခုကို တည်ဆောက်ကာ ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူးသည့်နေ့ (၁-၁-၂၀၂၁)ရက်နေ့တွင် ကျွန်းတစ်ခုလုံးသို့ လျှပ်စစ်ဓာတ်အား စတင် စမ်းသပ် ထုတ်လုပ်လျက် (၃-၁-၂၀၂၁)ရက်နေ့မှ စတင်၍ (၂၄)နာရီ ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုကိုးကျွန်းမြို့နယ်သည် ယခင်က လျှပ်စစ်ဓာတ်အားကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဖြန့်ဖြူးပေးသည့် ဒီဇယ် အင်ဂျင်မီးစက်များဖြင့် နေ့စဉ် ည (၆:၀၀) နာရီမှ (၁၂:၀၀)နာရီအထိ (တစ်နေ့ ၆ နာရီခန့်သာ) အချိန် အကန့်အသတ်ဖြင့် သုံးစွဲနေခဲ့ကြရပြီး၊ လျှပ်စစ်ဓာတ်အား (၂၄)နာရီ သုံးစွဲနိုင်ခြင်း မရှိသောကြောင့် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး စသည့် ဒေသဖွံ့ဖြိုးရေးတို့မှာလည်း နောက်ကျ နေခဲ့ရပါသည်။

          ထို့ကြောင့် ကိုကိုးကျွန်းမြို့နယ်နေ ပြည်သူတို့၏ လူမှု စီးပွား ဘဝ ပိုမို ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဘဏ္ဍာရန်ပုံငွေဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၀.၅ မဂ္ဂါဝပ်)ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ နှစ်သစ်ကူးနေ့ (၁-၁-၂၀၂၁)ရက်နေ့ (၁၃:၀၀)နာရီတွင် လျှပ်စစ်ဓာတ်အားများ ကျွန်းတစ်ခုလုံးသို့ စတင် စမ်းသပ် ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

          ယခု အသစ်တည်ဆောက်ဓာတ်အားပေးနိုင်ခဲ့သည့် ကိုကိုးကျွန်း နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် (Solar + Battery + Diesel Generator) Hybrid System အမျိုးအစားဖြစ်ပြီး၊ မြန်မာကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီတို့ ဖက်စပ်ဖွဲ့စည်း တည်ထောင်ထားသည့် Kyocera Communication Systems Kinetic Myanmar Co., Ltd သို့ လုပ်ငန်းအပ်နှံကာ ဂျပန်နိုင်ငံ Kyocera Company ၏ ဒီဇိုင်းဖြင့် တပ်ဆင် တည်ဆောက် ထားသော ခေတ်မီနည်းပညာများ အသုံးပြုထားသည့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ဓာတ်အားပေးစက်ရုံ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

          သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တစ်ခုဖြစ်သော နေရောင်ခြည်စွမ်းအင်ကို  အသုံးပြုထားသည့် လျှပ်စစ် ဓာတ်အား ပေးစက်ရုံ အမျိုးအစားဖြစ်ကာ လျှပ်စစ်ဓာတ်အားကို နေ့အချိန်များတွင် နေရောင်ခြည် စွမ်းအင်ဖြင့် တိုက်ရိုက်အသုံးပြုနိုင်ပြီး၊ တစ်ချိန်တည်းမှာပင် နေရောင်ခြည် စွမ်းအင်မှ ရရှိ လာသော လျှပ်စစ်စွမ်းအင်ကို ဘက်ထရီများသို့ အားဖြည့်သိုလှောင်ပေးထားမည် ဖြစ်သည်။ ညအချိန်များတွင် သိုလှောင်ထားရှိခဲ့သည့် ဘက်ထရီများမှ လျှပ်စစ်ဓာတ်အားကို ပြန်လည် ထုတ်လုပ်ဓာတ်အားပေးနိုင်မည်ဖြစ်ကာ ရာသီဥတု အခြေအနေများကြောင့် နေရောင်ခြည် ရရှိမှု နည်းပါးသည့် အချိန်များတွင် ဒီဇယ်အင်ဂျင် (Diesel Generator) မှ ဓာတ်အားဖြည့်ကူ ထုတ်လုပ်ပေးနိုင်သော ဓာတ်အားပေးစနစ်လည်း ဖြစ်သည်။

          အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်ပေးသည့် လျှပ်စစ်ဓာတ်အားများကို ကိုကိုးကျွန်းမြို့နယ်ရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ လျှပ်ကာပါသော ၁၁ ကေဗွီ SAC ဓာတ်အားလိုင်း ပေ (၁၁,၇၀၀) ခန့်၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၄)လုံး (သုံးစွဲ ၂ လုံး၊ အရန် ၂ လုံး)၊ လျှပ်ကာပါသော ၄၀၀ ဗို့ ABC ဓာတ်အားဖြန့်ဖြူးလိုင်း ပေ (၁၈,၄၀၀)ခန့်တို့ကို အသစ်လဲလှယ်တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း လည်း သိရှိရသည်။

          စက်ရုံတည်ဆောက်ခြင်းစီမံကိန်းကို သယ်ယူပို့ဆောင်ရေးအခက်အခဲများ၊ COVID – 19 ကူးစက်ရောဂါ မပြန့်နှံ့ရေး စည်းမျဉ်း စည်းကမ်း အကန့်အသတ်များ၊ ဆက်သွယ် သွားလာရေး အခက်အခဲများ စသည့် အခက်အခဲ အကျပ်အတည်းများကြားက သတ်မှတ် ကာလအတွင်း ပြီးစီးအောင် တာဝန်ရှိသူများက ကြိုးစားအားထုတ် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ရန်ကုန်တိုင်း ဒေသကြီး သည် လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင် တိုင်းဒေသကြီးတစ်ခုလုံးရှိ မြို့ပြနှင့်ကျေးလက်နေ မီးသုံးသူ ပြည်သူအားလုံးသို့ ၁၀၀ ရာခိုင်နှုန်း ဓာတ်အားအပြည့်အဝ ပေးနိုင်သည့် ပထမ ဦးဆုံး တိုင်းဒေသကြီး တစ်ခု ဖြစ်လာမည်ဖြစ်ပြီး၊ ယခု ကိုကိုးကျွန်းမြို့နယ်သည်လည်း ထပ်မံ၍ (၂၄)နာရီ ဓာတ်အားပေးနိုင်သည့် မြို့နယ် တစ်ခု ဖြစ်ကြောင်း သိရသည်။

          ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ရွာဒေသများအားလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်ကဏ္ဍဖြင့် ဂုဏ်ယူဖွယ်ရာ မြှင့်တင်ပေးနိုင်ခြင်းသည် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ရပ်ရွာဒေသ အဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက် ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။

သတင်း-ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

05-Jan-2021