The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ( ၅ ) ရက်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေးစက်များ မောင်းနှင် ဓာတ်အားထုတ်လုပ်နေမှု၊ ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲ ပြင်ဆင်တည်ဆောက်မည့် အခြေအနေနှင့် Advanced Metering Infrastructure (AMI) Control Center ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံ အစည်းအဝေးခန်းမတွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ပေါင်းလောင်းရေလှောင်တမံနှင့် ရေအားလျှပ်စစ်စက်ရုံ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က  ပေါင်းလောင်းရေလှောင်တမံအတွင်းသို့ နှစ်စဉ်ရေဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေလျံကျမှုအခြေ အနေနှင့် ဓာတ်အားပေးစက်များ၏ နှစ်စဉ်ဓာတ်အားထုတ်လုပ်မှုအခြေအနေတို့အား လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် မှာကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ်ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်စက်ရုံများ၊ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံးစက်ရုံများစသည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းများကို Generation Mix တွင် အရင်းအမြစ်မျိုးစုံ ပါဝင် ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ဆည်များအတွင်း စီးဝင်လျက်ရှိသည့်ရေများကိုလည်း စနစ်တကျ ထိန်းသိမ်း မောင်းနှင်သွားရန်လိုအပ်ကြောင်း၊ ပေါင်းလောင်း ရေလှောင်တမံအတွင်းသို့ စီးဝင်လာသောရေကို ပိုမိုသိုလှောင်ပြီး ဓာတ်အားပိုမိုတိုးတက် ထုတ်လုပ်နိုင်ရန်အတွက် ရေပိုလွှဲအား ၅ ပေခန့်မြှင့်၍ ရေဂိတ်တံခါးများ တပ်ဆင်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ရေလှောင်ပမာဏ (၂၁၀၀၀ ဧကပေ)ခန့် ပိုမိုသိုလှောင်ကာ လျှပ်စစ်ဓာတ်အားယူနစ်သန်းပေါင်း (၈)သန်းခန့် ပိုမိုထုတ်လုပ်နိုင်မည် ဖြစ်သည့်အတွက် ရေပိုလွှဲအဆင့်မြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းများအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်များအား ကြံ့ခိုင်မှုရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်းနှင့် ဓာတ်အားပေးစက်ရုံ သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။  

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံ ရှုရပ်သို့ ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ ရေပိုလွှဲမှ ရေကျော်ကျ နေသည့်အခြေအနေနှင့် တမံ၏ ကြံ့ခိုင်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးရာ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က အသီးသီးရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြား ခဲ့ပါသည်။         

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Advanced Metering Infrastructure (AMI) Control Center သို့ရောက်ရှိရာ EVER METER COMPANY LIMITED မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမျိုးအောင်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်  AMI စနစ် နှင့် Automatic Billing စနစ် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တပ်ဆင် ထားသည့် Analogue နှင့် Off-site Meter Reading (OMR) မီတာစနစ်မှ Advanced Metering Infrastructure (AMI) စနစ်သို့ ပြောင်းလဲတပ်ဆင်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ (AMI)စနစ်ကို အသုံးပြုခြင်းအားဖြင့် Automatic Meter Reading နှင့် Automatic Meter Billing စနစ်များပါဝင်၍ လျှပ်စစ်ဓာတ်အားသုံးစွဲသူများမှ မိမိတို့ သုံးစွဲသည့်ယူနစ်များအား အချိန်နှင့်တပြေးညီသိရှိနိုင်ခြင်း၊ မီတာခကို လူကိုယ်တိုင် လာရောက် ပေးဆောင်စရာမလိုဘဲ Online မှတဆင့် ပေးချေနိုင်ခြင်း၊ သတ်မှတ်ချိန်အတွင်း ဓာတ်အားခ ပေးဆောင်ခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံး၏ ကွန်ပျူတာစနစ်မှတစ်ဆင့် မီးဖြတ်နိုင်ခြင်းတို့ကြောင့် လူအင်အားအနည်းငယ်ကိုသာ အသုံးပြုရသည့်  အကျိုးကျေးဇူးများ  ရရှိစေသောကြောင့် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း၌ မြို့နယ်(၈)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မြို့နယ်(၁၄)မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ မြို့နယ်(၃)မြို့နယ်တို့ကို (AMI)စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်လျက်ရှိပြီး AMI Control Center ကိုလည်း ယခုအခါ ရာနှုန်းပြည့်တည်ဆောက်ကာ ပြီးစီးနေပြီဖြစ်သောကြောင့် (AMI) မီတာများအား Control Center ဖြင့်ချိတ်ဆက်၍ မီတာခကောက်ခံခြင်း၊ ထိန်းချုပ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်ရန် စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (AMI) စနစ်ကို တစ်နိုင်ငံလုံး လွှမ်းခြုံတပ်ဆင်အသုံးပြုနိုင်ရေး နှစ်စဉ်တိုးချဲ့ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး AMI Control Center အတွင်း AMI Data Server တပ်ဆင် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် AMI Control and Monoitoring Center တပ်ဆင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား  ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

Post under by : ဝန်ကြီးရုံး
05-Nov-2022