The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ မေလ (  ၂၇  ) ရက်

 

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည်  ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ(၂၆)ရက်နေ့တွင် အလွန့်အလွန်အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရသေ့ တောင်မြို့နယ်များအတွင်း ဓာတ်အားအမြန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည်  ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ပါသည်။ ထို့နောက် ရသေ့တောင်မြို့နယ်အတွင်း မုန်တိုင်းကြောင့် ပျက်စီး သွားသော မီးစက်အဆောက်အဉီနှင့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့ တောင်ဓာတ်အားလိုင်း ပြုပြင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြို့တွင်း ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ပါသည်။

   ၎င်းနောက် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ Control Room နှင့် Swich Yard အတွင်း Power Transformer နှင့် ဓာတ်အားလွှတ်ပစ္စည်းများ စစ်ဆေး ဆောင်ရွက်နေမှုနှင့် ခွဲရုံဝန်ထမ်းအိမ်ရာပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းနှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားကာ မြို့ပေါ်ရပ်ကွက် များတွင် ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

   ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယအင်ဂျင်နီယာချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများမှ လုပ်ငန်းလာရောက်ဆောင်ရွက်လျက်ရှိသော တာဝန်ရှိသူများအား တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကာ ည ၀၇:၀၀ နာရီအချိန်တွင် စစ်တွေမြို့ပေါ်ရှိ မေယုလမ်းမကြီးတစ်လျှောက် ကားကြီးဝင်းအနီးမှ မီးစက်ကြီးအဝိုင်းနှင့် နာရီစင်အထိလည်းကောင်း၊ လမ်းမကြီးလမ်းတစ်လျှောက် နာရီစင်မှ ဘီလူးမချောင်းတံတားနှင့် ဆတ်ရိုးကျတံတားအထိ လည်းကောင်း ၅၀၀ ကေဗွီအေ ဓာတ်အားပေးစက်ဖြင့် လမ်းမီးများ ဖြန့်ဖြူးပေးနေမှုအခြေအနေများ၊ အများပြည်သူများ၏ တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊  အလင်းရောင်သုံး လျှပ်စစ်ပစ္စည်းများ အားသွင်းအသုံးပြုနိုင်ရန်အတွက် Charging Point နေရာ (၃) ခု  ထပ်တိုးထားရှိမှုအခြေအနေ၊ လောကာနန္ဒာဘုရားကြီးအား လျှပ်စစ်မီး ထွန်းညှိပူဇော်ထားရှိမှု အခြေအနေနှင့် နာရီစင်အား မီးထွန်းညှိအလှဆင်ထားမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ 

Post under by : ဝန်ကြီးရုံး
27-May-2023