The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊  မေလ (၂၉) ရက်   

   ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ ဓာတ်အားခွဲရုံမှူးများ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ ညွှန်ကြား ရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။  

   ရှေးဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏက ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အား ခွဲရုံများအခြေအနေ၊  စက်မှုဇုန်၊ မွေးမြူရေးဇုန်နှင့် ဘိလပ်မြေစက်ရုံများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေ၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် ပြင်ဆင်နိုင်ရန်အတွက် ကျွမ်းကျင်ဝန်ထမ်းများ စေလွှတ်ထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ အားလည်းကောင်း၊ အမှတ်(၅)တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးတိုးလွင်က လက်ရှိ တည်ဆောက်လျက်ရှိသော အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ၇၆.၅၇ ရာခိုင်နှုန်းပြီးစီးနေမှု အခြေအနေ၊၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကုန်တွင် ၈၂.၇၆ ရာခိုင်နှုန်းပြီးစီးနိုင်ရေး ဆောင်ရွက် သွားမည့်လုပ်ငန်းအစီအမံများနှင့် ၂၀၂၅ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီး နိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအား အထူးဂရုပြု၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ရေအားစက်ရုံများ၏ ရေသိုလှောင်နိုင်မှု၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံများတွင် သဘာဝဓာတ်ငွေ့ရရှိမှုများကို ချိန်ဆ၍ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဓာတ်အားပေးစက်များအား ဝန်အားထိန်းညှိ မောင်းနှင်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ လျှပ်စစ်ဓာတ်အားကို  တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ထပ်မံ တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများအနေဖြင့်လည်း ဓာတ်အားပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့််လုပ်ငန်းများအပေါ် အားသွန် ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ မြို့နယ်များအလိုက် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊  တာဝန်ထမ်းဆောင်စဉ် အခက်အခဲရှိပါက အချိန်နှင့်တပြေးညီ တင်ပြနိုင်သကဲ့သို့ ဝန်ထမ်းများနှင့် အနီးကပ်ရှိနေသော တာဝန်ရှိသူများကလည်း လိုအပ်သည့် အခက်အခဲများကို ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများ၏တင်ပြမှုများအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကာ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။    

Post under by : ဝန်ကြီးရုံး
29-May-2023