The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် မေလ (၃၀) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် မေလ(၂၉)ရက်နေ့ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အလွန့်အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်း နှင့် စစ်တွေမြို့ပေါ်ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေ များ၊ ၁၁/၀.၄ကေဗွီ ထရန်စဖော်မာများ စမ်းသပ်စစ်ဆေးနေမှုအခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများနှင့် ငွေကောက်ကောင်တာ အဆောက်အဦများတွင် အမိုးသွပ်ပြားများရောက်ရှိ၍ ပြန်လည် အစားထိုး ပြုပြင်ဆောင်ရွက်ပေးနေမှုအခြေအနေတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလွန့်အလွန်အားကောင်းသော မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်း တိုင်အမှတ် ၁၆၆၊ ၁၆၇၊ တိုင်အမှတ် (၁၈၃ မှ ၁၈၈ အထိ)နှင့် တိုင်အမှတ်(၂၂၅ မှ ၂၃၀)အထိ စုစုပေါင်း (၁၄)တိုင် အား ဌာနဝန်ထမ်းများက ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်သူများလျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိနိုင်စေရေးအတွက် အစွမ်း ကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်ရှင်းရေးနှင့် ယခုအချိန်သည် မိုးရာသီ ဝင်စကာလဖြစ်သည့်အတွက် ကျန်းမာရေးအထူး ဂရုစိုက်နေထိုင်ကြရန် မှာကြားပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားခဲ့သည့် ၁၁ ကေဗွီ နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်နေကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးများမှဝန်ထမ်းများအား လိုက်လံအားပေးစကားပြောကြားပြီး မီးစက်ဝင်းအတွင်း ထရန်စဖော်မာထုတ်ပြည်တွင်းကုမ္ပဏီများက ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ စမ်းသပ်စစ်ဆေးနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများအမြန်ဆုံးပြီးစီး အောင်ဆောင်ရွက်ရေး ဓာတ်အားလက်ခံဖြန့်ဖြူးရာတွင် အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျ စစ်ဆေးလုပ်ဆောင်ကြရန်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးသည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဝန်ထမ်းအိမ်ရာများနှင့် ငွေကောက်ကောင်တာများတွင် အမိုးသွပ်ပြားများအား အစားထိုးပြုပြင်လဲလှယ်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုတို့ကို အားပေးစကားများပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-May-2023