The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ခုနှစ် ဇွန်လ (၁) ရက်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ခုနှစ် မေလ (၃၁)ရက်နေ့ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အလွန့်အလွန်အားကောင်း သော မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်တွေမြို့ပေါ်ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်မှုအခြေအနေများ၊ ၁၁/၀.၄ကေဗွီ ထရန်စဖော်မာများအား စမ်းသပ်စစ်ဆေးပြုပြင်နေမှုအခြေအနေများ၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် အိမ်သုံးမီတာများ၊ အဆောက်အဦအတွင်း လျှပ်စစ်သွယ်တန်းမှုများအား ပေါင်းစပ်စစ်ဆေးဆောင်ရွက်ပေးနေမှု အခြေ အနေနှင့် စစ်တွေဆိပ်ကမ်းတွင် သင်္ဘောပေါ်မှ လျှပ်စစ်ဆိုင်ရာပစ္စည်းများ သယ်ဆောင်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ တည်ဆောက်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။

        ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ပေါ်တွင် ပျက်စီးသွားခဲ့သည့်  ၁၁ကေဗွီဓာတ်အားလိုင်းနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်တပ်ဆင်တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုပြီး ၆၆ကေဗွီ စစ်တွေမြို့ အမှတ်(၁)ဓာတ်အားခွဲရုံဝင်းအတွင်း ထရန်စဖော်မာထုတ်လုပ်သော ပြည်တွင်းကုမ္ပဏီများက ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ စမ်းသပ်စစ်ဆေးပြုပြင်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး လုပ်ငန်းများ သွက်လက်မြန်ဆန်စွာပြုပြင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

        ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သဘာဝဘေးဒဏ်ကြောင့် ပြည်သူများ၏နေအိမ်တွင်တပ်ဆင်ထားသည့် အိမ်သုံးမီတာများနှင့်အိမ်တွင်းလျှပ်စစ်သွယ်တန်းထားသည်များ ပျက်စီးမှုရှိ/မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စစ်တွေဆိပ်ကမ်းတွင် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးပစ္စည်းများနှင့် ကျောက်တိုင်များရောက်ရှိ သယ်ဆောင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပါသည်။

      ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ စစ်တွေမြို့ပေါ် တွင် ၁၁ကေဗွီနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်းများ ပြန်လည်တည် ဆောက်နေကြသည့်အဖွဲ့များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကာ လုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးကြရန်၊ လုပ်ငန်း ခွင်အန္တရာယ်ကင်းစေရေးအတွက် ဓာတ်အားစတင်ဖြန့်ဖြူးချိန်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အထူးအလေးထားဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
02-Jun-2023