The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ ဇွန်လ ( ၂ ) ရက်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၂/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့၊ နံနက် ( ၀၉:၃၀ ) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊  ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က သင်တန်းဆင်းအမှာစကား ပြောကြား ရာတွင်  ဖွင့်လှစ်ပြီးစီးခဲ့သည့်  သင်တန်းတွင် ဓာတ်အားခွဲရုံများ စတင်တည်ဆောက်သည်မှ လည်ပတ်မောင်းနှင်သည်အထိ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ဓာတ်အားခွဲရုံများရှိ Main Transformer များအကြောင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဓာတ်အားဖြန့်ဖြူးရေးစနစ် တိုးတက်ကောင်းမွန်စေရေးနှင့် ယူနစ်ပျောက်ဆုံးမှုလျော့နည်းရေး၊ ဓာတ်အားခကြွေးကျန်များ လျော့နည်းစေရေးအတွက် ဆောင်ရွက်ရမည့် ဘဏ္ဍာရေးလုပ်ငန်း စဉ်များစသည့် ဘာသာရပ်များအား စာတွေ့သာမက လက်တွေ့သင်ခန်းစာများကို သက်ဆိုင်ရာ နည်းပြများက ပို့ချပေးခဲ့ပါကြောင်း၊   သင်တန်းသားများအနေဖြင့် သင်ခန်းစာပို့ချမှုများကို အခြေခံ၍ တာဝန်ထမ်းဆောင်ရာတွင်  ပြည်သူများလျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ခြင်းသည် ဝန်ထမ်းများ၏ အသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရား မြင့်မားလာပြီး အင်ဂျင်နီယာပညာ အမှန်တကယ်တတ်ကျွမ်းသည့် ဝန်ထမ်းများပေါ်ထွက်လာစေရန်အတွက် သင်တန်းများပို့ချပေးရခြင်း ဖြစ်သည့်အတွက် သင်ကြားထားသည့်သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တိုးတက်လာရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့် အခြေခံပညာရပ်နှင့် အတွေ့အကြုံများကို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေး‌ ဆောင်ရွက်သွားကြရမည်ဖြစ်သလို ပညာရပ်ဆိုင်ရာစာတမ်းများအား ဖတ်ရှုခြင်းဖြင့် လျှပ်စစ်ကဏ္ဍတိုးတက်ရေးအတွက် အစဉ် ကြိုးစားနေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ကဏ္ဍသည်လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူး ရောင်းချမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် သင်တန်းသားများအနေဖြင့် အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့သင်ယူလေ့လာခဲ့သည့် စာတွေ့/လက်တွေ့ သင်ခန်းစာများကို အချင်းချင်းနှီးနှောတိုင်ပင် ဆွေးနွေးပြီး နည်းပညာအသစ်များအား စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်၍ လုပ်ငန်းခွင်များတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်သွားကြရန်နှင့် လျှပ်စစ်အင်ဂျင်နီယာ ကောင်းများအဖြစ် ဌာနအကျိုး၊ ပြည်သူ့ အကျိုး ၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာ အပြည့်ဖြင့်  စွမ်းစွမ်းတမံ ကြိုးစား အားထုတ် ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၃)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃)တို့မှ ထူးချွန်ဆုရရှိသူ သင်တန်းသားများအား ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး တို့က သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများထံ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင်  ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် သင်တန်း နည်းပြများနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
02-Jun-2023