နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ ( ၄ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အငယ်တန်း အင်ဂျင်နီယာ(၂)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် အငယ်တန်း အင်ဂျင်နီယာ(၂) ဝန်ထမ်း(၄၉)ဦးကို လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် ဓာတ်အားပေး စက်ရုံများ ထိန်းသိမ်းမောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ဓာတ်အားပေးစက် များ၏ အလုပ်လုပ်ပုံတို့ကို စာတွေ့၊ လက်တွေ့ဖြင့် ပေါင်းစပ်၍ ရက်သတ္တ (၂)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ တက်ရောက်ခဲ့သည့် တက္ကသိုလ်များမှ သင်ကြား ခဲ့သော ဘာသာရပ်များမှရရှိခဲ့သော အတွေ့အကြုံများနှင့် လူမှုဘဝတွင် တွေ့ကြုံခဲ့သော အတွေ့အကြုံများကို ပေါင်းစပ်၍ အပြန်အလှန်မျှဝေဖလှယ်သွားကြရန်လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အား ပေးသည့် ဝန်ဆောင်မှု ပိုမိုကောင်းမွန်အောင်နှင့် မိမိအဖွဲ့အစည်း၊ ဝန်ကြီးဌာန ဂုဏ်သိက္ခာ တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ချမှတ်ထားသည့် စည်းမျဉ်းများကို သိရှိနားလည်ပြီး သင်တန်းကာလအတွင်း သင်ကြားပေးမည့် ဘာသာရပ်များ ကို ဆက်လက်ဆည်းပူးလေ့လာကြစေလိုကြောင်းနှင့် အင်ဂျင်နီယာဝန်ထမ်းကောင်းများအဖြစ် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုးကို စိတ်ကောင်းစေတနာအပြည့်ဖြင့့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump တို့အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာ၌ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းဆိုင်ရာကိစ္စရပ်များနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ အရည်အသွေးမြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့်ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာ၌ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံသံရုံးများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။