နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ ( ၈ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယနေ့ခေတ်တွင် အသိပညာအခြေပြု (Knowledge Based) ဝန်ထမ်း ကောင်းများ ရရှိရေးသည်မရှိမဖြစ် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သဖြင့် ဝန်ထမ်းများ၏ အသိပညာ၊ အတတ်ပညာတိုးပွားစေရန် အရည်အချင်းမြှင့်သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ပါကြောင်း၊ အခြားဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများသို့လည်း စေလွှတ်တက်ရောက်သင်ကြားစေခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာကို အခြေခံကျကျ စတင်သိရှိနားလည်စေရန်၊ IT နည်းပညာအသုံးပြုပြီး ထိရောက်မှန်ကန်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် စေရန်၊ ဌာနအသီးသီးတွင် စာရွက်အများအပြား အသုံးပြုသည့်စနစ်မှ Paperless စနစ်ကို ဦးတည်စေရန်၊ Database များ စနစ်တကျ တည်ဆောက်ထိန်းသိမ်းထားတတ်လာစေရန်နှင့် ကောင်းမွန်သော Presentation တစ်ခုဖြစ်အောင် လုပ်ဆောင်တတ်စေရန် ရည်ရွယ်ချက်များ ဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား (၄၆)ဦးဖြင့် ရက်သတ္တ (၈)ပတ်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားခဲ့မှုများအပေါ် အခြေခံပြီး အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့် နည်းပညာ နှင့် ဗဟုသုတများကို ဆက်လက်ဆည်းပူးလေ့လာသွားကြရန် တိုက်တွန်းမှာကြားလို ပါကြောင်း၊
နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ကြီးဌာနများ၏ ကိန်းဂဏန်းများမှန်ကန်မှသာ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ အားလုံးနှင့် ပြည်ထောင်စုဝန်ကြီးဌာန များအနေဖြင့် ကိန်းဂဏန်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် ညွှန်ကြားထားသဖြင့် ယခုရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့် သက်ဆိုင်သည့်အတွက် ထပ်ဆင့် မှာကြားခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် မှသာ နိုင်ငံ၏ပုံရိပ်ကောင်းမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေး ဦးတည်ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက် ရာ၌ လွဲချော်မှုမရှိစေရေး ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျွမ်းကျင်ကျင်နားလည်ပြီး လိုက်နာကျင့်သုံးနိုင်အောင် ကြပ်မတ်ဆောင်ရွက်သွားရန် နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်း ဆောင်ရွက်မှုများအပေါ် စေတနာထား၍ လုပ်ဆောင်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပါကြောင်း၊
သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် မိသားစုစိတ်ဓာတ် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကြခြင်းဖြင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားရသည့် ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး တို့ကို စိတ်ကောင်း၊ စေတနာကောင်းအပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၃)တွင် ထူးချွန်ဆုရရှိသူ သင်တန်းသားများအား ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား တစ်ဦးထံ ပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် ထူးချွန်ဆုရရှိသည့် သင်တန်းသားများအား တွေ့ဆုံ၍ ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။