နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ ( ၂၀ ) ရက်
အိန္ဒိယနိုင်ငံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC Day-2023 အခမ်းအနားကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၊ (၁၈:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဗီနေကူးမားနှင့် သံရုံးဝန်ထမ်းများ၊ ITEC မှ တာဝန်ရှိသူများ၊ ITEC အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ကြသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေကူးမားက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် ITEC Day-2023 အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးပါသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးဌာနအသီးသီးမှ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ITEC သင်တန်းများသို့ တက်ရောက်ခဲ့ကြသော ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/သင်တန်းသူများအား ကျေးဇူး တင်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ITEC ခေါင်းစဉ်အောက်မှ ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ သင်တန်းသား အရေအတွက် (၂၀,၀၀၀)ကျော်အား ကာလတို၊ ကာလရှည် စွမ်းဆောင်ရည်မြှင့် သင်တန်း များကို ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ ITEC သင်တန်းများတွင် တက်ရောက်သင်ကြားခဲ့ကြ သူများသည် မိမိတို့၏ တာဝန်ထမ်းဆောင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတို့တွင် အောင်မြင်စွာ တာဝန်ထမ်းဆောင်နေကြသည်ကို လေ့လာတွေ့ရှိရသဖြင့် ဝမ်းမြောက်ဂုဏ်ယူ မိပါကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံနှင့် သင့်လျော်မှုရှိသော သင်တန်းအသီးသီး ကိုလည်း ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားတွင် ခိုင်မာသော သံတမန်ဆက်ဆံရေး သမိုင်းကြောင်းများရှိခဲ့ပြီး အတူတကွ ငြိမ်းချမ်းစွာနေထိုင်ကြသည့် အိမ်နီးချင်းကောင်းနိုင်ငံများလည်း ဖြစ်ပါကြောင်း၊ အစိုးရအချင်းချင်း အကြားတွင်သာမက ပြည်သူများအချင်းချင်းကြားတွင်လည်း ကောင်းမွန်သော ကူးလူးဆက်ဆံမှုများရှိနေပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအရ ဘာသာရပ်ပေါင်းစုံအတွက် သင်တန်းများကို အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်ပြီး အကူအညီ ပေးလျက်ရှိရာ ဌာနအသီးသီးမှ ဝန်ထမ်းများစေလွှတ်ပေးနေပါကြောင်း၊ ၁၉၉၈ ခုနှစ် မှ ၂၀၂၃ ခုနှစ်၊ မေလအထိ လျှပ်စစ်ကဏ္ဍမှ သင်တန်းသား (၁၃၇)ဦးကို အိန္ဒိယနိုင်ငံသို့ စေလွှတ် နိုင်ခဲ့ပါကြောင်း၊ ယခု ITEC အစီအစဉ်မှ ဖွင့်လှစ်ခဲ့သော ဆက်စပ်သင်တန်းများသို့ (၁၂၆) ဦး တက်ရောက်ရန် စေလွှတ်နိုင်ခဲ့ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ပို့လွှတ်မှု၊ ဖြန့်ဖြူးမှုတို့ကို စာတွေ့နှင့် လက်တွေ့ လေ့လာမှုများ ရရှိခဲ့ကြပြီး လုပ်ငန်းခွင်ကို ပြန်လည်ရောက်ရှိချိန်တွင် ပြန်လည်အသုံးချ ဆောင်ရွက်ရန် အထောက်အကူရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား အိန္ဒိယအစိုးရနှင့် သံအမတ်ကြီးအား ကျေးဇူးတင်ရှိပါကြောင်း၊ ITEC အစီအစဉ်အောက်မှ သင်တန်းများသို့ သင်တန်းသား အရေ အတွက်ပိုမိုတိုးမြှင့်စေလွှတ်သွားလိုပါကြောင်း၊ ယခင်ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းများနှင့် ပတ်သက်၍လည်း သင်တန်းသားများ၏ အကြံပြုချက်များအရ သင်တန်းချိန်များတိုးပေး စေလိုပါကြောင်း၊ ထို့အတူ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် ရေအားလျှပ်စစ်ဆိုင်ရာ သင်တန်းများ၊ နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းချိတ်ဆက်၍ ဓာတ်အားကုန်သွယ်မှုဆိုင်ရာ သင်တန်းများကိုလည်း အလျဉ်းသင့်သလို ဆက်လက်ဖွင့်လှစ်ပေးပါရန် အဆိုပြုပေးပို့ ထားပါကြောင်း၊ ယခုကျင်းပပြုလုပ်သော ITEC Day - 2023 အခမ်းအနားကို စီစဉ် ဆောင်ရွက်ကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မစ္စတာ ဗီနေကူးမားနှင့် သံရုံးဝန်ထမ်းများ၊ ITEC မှ တာဝန်ရှိလူကြီးမင်းများကို အထူးကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဆက်လက်၍လည်း မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုများ ကမ္ဘာတည်သရွေ့အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ITEC ကျောင်းသားဟောင်းများက မိမိတို့ပညာသင်ကြားခဲ့မှု အတွေ့အကြုံ များနှင့် အကျိုးကျေးဇူးများအား အမြင်ခြင်းဖလှယ်၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး ITEC နှင့်ပတ်သက်၍ မှတ်တမ်းဗွီဒီယိုအား ပြသခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယ အတွင်းဝန် မစ္စတာလာလစ်ကူးမားက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ITEC Day-2023 အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ITEC သင်တန်းများသို့ တက်ရောက်ခဲ့ကြသော ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။