The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃ ) ရက်  

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက်  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။    

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်း လုပ်ငန်းခွင်သို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်နှင့် တာဝန်ရှိသူ များက  ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ စပါးကြွယ် ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ယခုစီမံကိန်းသည် နိုင်ငံ၏လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသောစီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရွက်ရန်ကျန် လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲထားပြီး ၎င်းအချိန်ဇယားများအတိုင်း သတ်မှတ်ချိန်ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြေပြင်တွင်ကြီးကြပ်ဆောင်ရွက်နေသူများအနေဖြင့် ရောက်ရှိပစ္စည်းများနှင့်အတူ ဟန်ချက်ညီ ပြီးစီးအောင် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်စံချိန် စံညွှန်းနှင့်အညီဆောင်ရွက်ပြီး Third Party အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခံနိုင် သည်အထိ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဓာတ်အားခွဲရုံမြေနေရာများကိုလည်း ဌာနပိုင်အမည်ပေါက်ရရှိရေး ဟန်ချက်ညီဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာမှ အခက်အခဲများကြောင့် သက်တမ်းတိုးရန်လိုအပ်ပါက သေချာတိကျ ခိုင်မာသည့် အချက်အလက်များဖြင့် ကြိုတင်သက်တမ်းတိုး တင်ပြသွားရန်လိုအပ်ကြောင်းနှင့် ထိုတင်ပြသည့်ကာလများအတိုင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်စဉ် နိုင်ငံခြားသားများ၏လုံခြုံရေး၊ လုပ်ငန်းခွင်လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ပါကြောင်းတို့အား မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် နေသော ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်ခဲ့ပါသည်။  

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာ များနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး နိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယခု ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာ နိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံစီမံကိန်းဖြစ်ကာ ၎င်းစီမံကိန်းပြီးစီးသွားသည်နှင့်  နိုင်ငံမြောက်ပိုင်းတွင် တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ် ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ပြည့်ဝစွာပို့လွှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၃.၁၇ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
23-Sep-2023