The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကျောက်တန်းမြို့နယ်၊ သာကေတမြို့နယ်နှင့် အလုံမြို့နယ်အတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၈ ) ရက်  

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ သာကေတမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် အလုံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာကေတသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဓာတ်အားပေးစက်ရုံများ ဆိုင်ရာချက်အလက်များ၊ ဓာတ်အားပေးစက်ရုံများ၏ နှစ်အလိုက် ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်ငွေ့ရရှိသုံးစွဲမှု၊ ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေတို့အားလည်းကောင်း၊ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက အလုံပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုဆိုင်ရာ အခြေအနေများအားလည်း ကောင်း အသီးသီးရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ စက်ရုံများသည် Build Operate Transfer (BOT) စနစ် (တည်ဆောက် မောင်းနှင်လွှဲပြောင်း) နှင့် Build Operate Own (BOO) စနစ် (ကိုယ်ပိုင်တည်ဆောက်လည်ပတ်မောင်းနှင်) စနစ်တို့ဖြင့်  ဆောင်ရွက်နေသော စက်ရုံများဖြစ်သည့်အလျောက် လွှဲပြောင်းသွားချိန်တွင် မိမိစက်ရုံကို ထိန်းညှိမောင်းနှင်နိုင်ရန်အတွက် ယခုအချိန်မှစတင်၍ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိစေရေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဓာတ်အားပေးစက်များ နှစ်စဉ်ပြုပြင် ထိန်းသိမ်းခြင်းပြုလုပ်၍ ရပ်နားထားချိန်များတွင် အခြားပြုပြင်ရန် မလိုအပ် သည့် စက်များကိုလည်း ကြံ့ခိုင်မှုရှိစေရေး စနစ်တကျစီမံချက်ရေးဆွဲထားရန် လိုအပ်ပါ ကြောင်း၊ စက်များစွမ်းအားပြည့်လည်ပတ်ချိန် ကာလရောက်ရှိမှ စက်များအားပြင်ဆင်ရခြင်း မျိုးမရှိရအောင် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့်စက်အရန်ပစ္စည်းများကိုလည်း အသင့်ကြိုတင် စုဆောင်းထားရှိရန် လိုအပ်ပါကြောင်း၊ ထိုသို့ထားရှိခြင်းဖြင့် စက်များစွမ်းအားပြည့်မောင်းနှင်ချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ချို့ယွင်းမှုဖြစ်ပေါ်ပါက အချိန်နှင့်တပြေးညီ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် အသစ်မတည်ဆောက်နိုင်မီ ကာလတွင်ရှိပြီးသား စက်ရုံများကို ပျက်စီးမှု မရှိစေရေးစနစ်တကျထိန်းသိမ်းပြုပြင် မောင်းနှင်နေရန်လိုအပ်ပါကြောင်း၊ စက်ရုံမှူးများမှ မိမိတို့ ဝန်ထမ်းများ၏ အခက်အခဲနှင့် အုပ်ချုပ်မှုဆိုင်ရာလိုအပ်ချက်များကို အမြဲ မျက်ခြေမပျက် စောင့်ကြပ်ကြည့်ရှုပြီး ဆန္ဒဖော်ထုတ်ပွဲများကိုလည်း ပြုလုပ်ပေးရန်လိုအပ်ပါကြောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့် အလျောက် ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ကျင့်ကြံနေထိုင်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သော ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့နေထိုင်ရာ အိမ်ရာများကို မပျက်စီးအောင် စနစ်တကျထိန်းသိမ်း နေထိုင်ပြီး လူနေထိုင်ခြင်း မရှိသောအိမ်ခန်းများကိုလည်း ထိန်းသိမ်းနိုင်ရေး ပူးတွဲတာဝန် ပေးအပ်ထားရန်နှင့် အိမ်ခန်းများဝန်းကျင် အမြဲသန့်ရှင်းနေအောင် ချုံနွယ်ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းသွားကြရန်လိုအပ်ပါကြောင်းနှင့် လုံခြုံရေးသတိ လုံခြုံရေးအသိ အမြဲရှိစေရေး ဂရုပြုနေထိုင်သွားရန် တို့အားမှာကြားခဲ့ပြီး စက်ရုံများရှိ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အားထိန်းချုပ် ခန်းများအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ် ပေးနေမှုနှင့် ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်မှုအခြေအနေတို့အား လည်းကောင်း၊ Maxpower (Thaketa) Co.,Ltd၊ U Energy Tharkayta Power Co.,Ltd ၊  Myanmar Ahlone Power Plant Co.,Ltd နှင့် Toyo Thai Power Myanmar Co.,Ltd  တို့၏ ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှုအခြေအနေတို့အား လည်းကောင်း၊ TTCL Power Myanmar Co.,Ltd ၏ 380 MW (Gross) Class Combined Cycle Power Plant တည်ဆောက်မည့် မြေနေရာတို့အားလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်လင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည် များအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

Post under by : ဝန်ကြီးရုံး
10-Oct-2023