၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဓာတ်အားစနစ်ထိန်းချုပ်မောင်းနှင်ရေးဌာန (Russian Power System Operator) သို့ သွားရောက် လေ့လာခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ ဓာတ်အားစနစ်ထိန်းချုပ်မောင်းနှင်ရေးဌာန (Russian Power System Operator) သို့ ရောက်ရှိရာ သက်ဆိုင်ရာ ဈေးကွက်အုပ်ချုပ်မှု ဒါရိုက်တာ Mr. Katave Andley Mihilovich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဓာတ်အားစနစ်ထိန်းချုပ်မောင်းနှင်မှု အခြေအနေ အားသွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပါသည်။
ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ပြီး ဓာတ်အားပေးစက်ရုံ ၉၉၁ ရုံနှင့် တပ်ဆင်အင်အား စုစုပေါင်း ၂၄၆၅၀၀ မဂ္ဂါဝပ် ရှိပါကြောင်း၊ ရုရှားတွင် နိုင်ငံအများအပြားကို လွှမ်းခြုံထားသည့် လျှပ်စစ်ဓာတ်အားလိုင်းစနစ် (single synchronous electrical grid) တစ်ခုရှိပြီး ၁၁၀ မှ ၇၅၀ ကီလိုဗို့ရှိ ဓာတ်အားလိုင်း အရှည်စုစုပေါင်း ၄၉၀၀၀၀ ကီလိုမီတာ (မိုင်ပေါင်း ၃ သိန်းကျော်)နှင့် ဓာတ်အားခွဲရုံ စုစုပေါင်း ၁၀၀၀၀ ကျော်အား ထိန်းသိမ်းမောင်းနှင်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင်လည်း အပူစွမ်းအင် (သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး) (၆၀.၇%)၊ ရေအားလျှပ်စစ် (၁၈.၈%)၊ နျူကလီးယား (၂၀%)၊ အခြားလေနှင့် နေရောင်ခြည်သုံးတို့မှ (၀.၅%)တို့ကို အခြေခံထား လည်ပတ်မောင်းနှင်လျက်ရှိပြီး အဓိက အခြေခံထုတ်လုပ်မှုအဖြစ် (Base Load) မှာ နျူကလီးယား ( ၂၀%) နှင့် ရေအားလျှပ်စစ် (၁၈.၈%)ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်လိုအပ်သည့် ဓာတ်အားများကို နာရီစဉ်အလိုက် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးဖြင့် မောင်းနှင်ဆောင်ရွက်နေကြောင်းနှင့် ရုရှားနိုင်ငံတွင် အနှံ့အပြား နေရာ ၁၀ ခုမှ နျူကလီးယား ဓာတ်ပေါင်းဖို ၃၁ ခုသည် တပ်ဆင်စွမ်းရည် ၂၁၀၀၀ မဂ္ဂါဝပ်ဖြင့် လည်ပတ်နေကြောင်း သိရှိရပါသည်။
ယင်းနောက် စက်ရုံအစည်းအဝေးခန်းမတွင် ဈေးကွက်အုပ်ချုပ်မှု ဒါရိုက်တာ Mr. Katave Andley Mihilovich နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ နွေးထွေးစွာကြိုဆိုသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှား-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် လျှစ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပိုမိုပူးပေါင်း ဆောင်ရွက်လိုပါကြောင်းနှင့် မိမိတို့အပေါ်တွင် အလေးအနက်ထား၍ ဆောင်ရွက်ပေး နေသည်ကို တွေ့ရှိရသဖြင့် အထူးဝမ်းမြောက်မိပါကြောင်း ပြောကြားပြီး ဓာတ်အားစနစ် ထိန်းသိမ်းမောင်နှင်မှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ ကြောင်း သတင်းရရှိပါသည်။