The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်         

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိ သူများလိုက်ပါလျက်  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးဝင်ရောက်ခဲ့သည့်နောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေ၊ ၂၃၀ကေဗွီ ကမာနတ် ပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၉ အနီးရှိ ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံတည်ဆောက်ခြင်း၊ ၅၀၀ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းကြိုးဆွဲခြင်းတို့၏ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူအသီးသီးက စီမံကိန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့အား ရှင်းလင်း တင်ပြကြပါသည်။    

   ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အလျောက် နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေကြရန်နှင့် ပါတီ နိုင်ငံရေး ကင်းရှင်းရန်လိုအပ်ပါကြောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေများအတိုင်း မိမိကိုယ်ကိုယ်မိမိ ထိန်းသိမ်းပြီး ဝန်ထမ်းကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံကြရန်လိုအပ်ပါကြောင်းနှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ဂရုပြု နေထိုင်သွားရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း စေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီ တိုးတက် ကောင်းမွန်စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် ဓာတ်အားခ ကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျကောက်ခံသွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ် သည့် လျှပ်စစ်ဓာတ်အားများကို ပြည်သူလူထုထံသို့ ဖြန့်ဝေပေးပို့ရာတွင်လည်း ထုတ်လုပ်မှု အပေါ် အခြေခံ၍ စနစ်တကျထိန်းညှိဖြန့်ဖြူးပေးလျက်ရှိသည်ကို ပြည်သူလူထုသို့ ချပြအသိ ပေးဆောင်ရွက်သွားရန်နှင့် ထိုသို့ဖြန့်ဖြူးပေးပို့ရာတွင်လည်း မျှတစွာဖြင့် သတ်မှတ်အချိန် အလိုက် စနစ်တကျ ခွဲဝေဖြန့်ဖြူးပေးသွားရန် လိုအပ်ပါကြောင်းနှင့် မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက် ပြည်သူများ၏ လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံသွားရန် လိုအပ်ပါကြောင်းတို့အား ပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေနှင့် စားသောက်စရာများ ပေးအပ်ခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၃၉ အနီးရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံစီမံကိန်းနှင့် ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ယခုစီမံကိန်းသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသော စီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများအလိုက် ပြီးစီးရမည့်အချိန်ဇယားများ ရေးဆွဲထားပြီး ၎င်းအချိန်ဇယားများအတိုင်း သတ်မှတ်ချိန် ပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြေပြင်တွင် ကြီးကြပ်ဆောင်ရွက်နေသူများအနေဖြင့် ရောက်ရှိပစ္စည်းများနှင့် အတူ ဟန်ချက်ညီ ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီး Third Party အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခံနိုင်သည်အထိ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခွဲရုံမြေနေရာများ ကိုလည်း ဌာနပိုင်အမည်ပေါက်ရရှိရေး ဟန်ချက်ညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်းတို့အား မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီး ခြင်းများ ပေးအပ်ခဲ့ပါသည်။      

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်နေမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပါသည်။

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး နိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယခု ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းသည် မြန်မာ နိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဓာတ်အား ခွဲရုံစီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းစီမံကိန်းပြီးစီးသွားသည်နှင့် နိုင်ငံ မြောက်ပိုင်းတွင် တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏တောင်ပိုင်းသို့ ပြည့်ဝစွာပို့လွှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
17-Oct-2023