၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး(စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်း အနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လျှပ်စစ်ဓာတ်အား ပို့လွတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်းတွင် ကျင်းပပြု လုပ်သည့် ဒု-ဦးစီးမှူး(စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းကို သင်တန်းသား (၅၀) ဦးဖြင့် ရက်သတ္တပတ်(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း၊ ယခု သင်တန်းကို ဝန်ထမ်းများစီမံခန့်ခွဲခြင်း၊ ဘဏ္ဍာရေးနှင့် ပစ္စည်းစီမံရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်တတ်စေရန်နှင့် ဓာတ်အားကွပ်ကဲ/ ထိန်းသိမ်း/ မောင်းနှင်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်တတ်ရန် ဖွင့်လှစ်ပို့ချပေးရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အတွက် ပြည်သူတို့ရဲ့ လူမှုရေး လိုအပ်ချက်နှင့် အေးချမ်းစွာရပ်တည်နေထိုင်ရေးတွင် မရှိမဖြစ်လိုအပ်သော လျှပ်စစ် ဓာတ်အားကို စဉ်ဆက်မပြတ်ပေးနိုင်ရန် ကြိုးစားသွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်တွင် ပြည်သူများနှင့် ဆက်ဆံဝန်ဆောင်မှုပေးသည့်အခါ တစ်ပြေးညီဖြည့်ဆည်းဆောင်ရွက်ပေးပြီး တူညီသည့် အခွင့်အရေးကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ၍ အရေးတယူဝန်ဆောင်မှုပေးဖို့လိုအပ်ကြောင်း၊ သင်တန်းသားများ လက်ရှိတာဝန်ထမ်းဆောင် နေသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနသည် ဗို့အားမြင့်ဓာတ်အားလိုင်း ကြီးများ၊ ဓာတ်အားခွဲရုံကြီးများကို တာဝန်ယူတည်ဆောက်ခြင်း၊ မောင်းနှင်ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူများကို ဝန်ဆောင်မှုပေးတဲ့ ဌာန ဖြစ်ကြောင်း၊ ဒါ့ကြောင့် ပညာရပ်ဆိုင်ရာ စာတွေ့/လက်တွေ့ ဟောပြောပို့ချသည့်အခါ သင်ကြားသော အကြောင်းအရာများ၊ သဘောတရားများကို အချိန်တိုအတွင်း ကျယ်ကျယ် ပြန့်ပြန့်နားလည်တတ်မြောက်လာဖို့ ကြိုးစားကြရန် လိုအပ်ကြောင်း၊ မိမိလက်အောက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကို သာမက လုပ်ငန်းသုံးပစ္စည်းများကိုလည်း စနစ်တကျ စီမံခန့်ခွဲ၍ ဝန်ထမ်းများအန္တရာယ်ကင်းစွာဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရမှာဖြစ်ကြောင်း၊ ထမ်းဆောင်ရမယ့်တာဝန်နှင့်ပတ်သက်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ၊ နည်းပညာများကို သိရှိနားလည်လာရန် အမြဲလေ့လာနေဖို့ လိုအပ်ကြောင်း၊ သင်တန်းတွင် စာတွေ့/လက်တွေ့ အတွေ့အကြုံနှင့်ကြံဆချက်များကိုပေါင်းစပ်၍ လုပ်ငန်း လုပ်ကိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်လာပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ နိုင်ငံ့သားကောင်း များအဖြစ် မိမိဌာနနှင့်တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ရေး အလေးထားတာဝန် ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒု-ဦးစီးမှူး (စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို သင်တန်းသား (၅၀)ဦးဖြင့် စာတွေ့လက်တွေ့ ရက်သတ္တ(၂) ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။