The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေအား ကြည့်ရှုစစ်ဆေးသည့်သတင်း

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်   

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနပိုင် အလုံ၊ သီလဝါ၊ သာကေတနှင့် ရွာမ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အားပေးစက်များအား ပြန်လည်ပြုပြင် အဆင့် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများသို့  သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အလုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက် အလက်များ၊ ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ရမည့် အခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မည့် အခြေအနေတို့အား အသေးစိတ် လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်လင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား မှာကြားခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မည့် အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးမှ Combine Cycle Power Plant အဖြစ်တိုးချဲ့ရန် လျာထားဆောင်ရွက်ရေး ဓာတ်အားပေးစက်များအား အချိန်မရွေး မောင်နှင်နိုင်ရန်အတွက် အရန်စက်သုံးဆီများအား ကြိုတင်စုဆောင်းထားရှိရေး စသည်ဖြင့်လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရေး အတွက်  သီလဝါအထူးစီးပွားရေ နယ်မြေအတွင်း အသစ်ထပ်မံတည်ဆောက်မည့် ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံ လျာထားမြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြေပိုင်ဆိုင်မှု ရရှိရေးနှင့် စီမံကိန်းအမြန်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန် ဆက်လက် ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်ရှိ သာကေတ သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံနှင့် အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများရှိ ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက် နိုင်မည့်အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ဓာတ်အားပေး စက်ရုံများဆိုင်ရာအချက်အလက်များ၊ ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ် ပေးခဲ့မှုအခြေအနေ၊ ဓာတ်အားပေးစက်ရုံ တစ်ရုံခြင်းအလိုက် ဓာတ်အားပေးစက်များ ပြန်လည်ပြုပြင် အဆင့် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည့်အခြေအနေ၊ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက် အဓိကလဲလှယ်/ ထပ်တိုးတပ်ဆင်ရမည့် စက်ပိုင်းဆိုင်ရာ ဆက်စပ် ပစ္စည်းများ၊ အခြေခံအဆောက်အဉီများနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက အဆိုပါဓာတ်အားပေးစက်ရုံများ ထုတ်လုပ်နိုင်မှု၊ ထိန်းသိမ်းမောင်းနှင်နိုင်မှုနှင့် လည်ပတ်နိုင်မည့် ကာလတို့အား ရှင်းလင်းတင်ပြခဲ့ကြပါသည်။ တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ အရေးပေါ် ဓာတ်အားဖြန့်ဖြူးပေးရမည့် အချိန်များတွင် ဓာတ်အားပေး စက်များမောင်းနှင်၍ စက်စွမ်းအားပြည့် ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် စက်သုံးဆီများအား အသင့်ကြိုတင်စုဆောင်းထားရှိရန်၊ ကုန်ကျစရိတ်သက်သာပြီး အချိန် ကာလတိုအတွင်း စက်စွမ်းရည်ပြည့် ဓာတ်အားထုတ်လုပ်နိုင်ရေး မည်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ပါက အကောင်းဆုံးဖြစ်မည်ကို လေ့လာသုံးသပ် ဆောင်ရွက်သွားရန် ဖြစ်ပါ ကြောင်း၊ နည်းလမ်းအားလုံးကို နှိုင်းယှဉ်ပြီး အကောင်းဆုံးနည်းလမ်းကို ရွေးချယ် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ စက်များအဆင့်မြှင့်တင် ပြင်ဆင်ခြင်းများ ပြုလုပ်ရန်အတွက် ယခုကတည်းက အချက်အလက် တိတိကျကျ ခိုင်မာစွာဖြင့် လေ့လာမှု များကို ကြိုတင်ဆောင်ရွက်ပြီး ပြန်လည်တင်ပြရန်ဖြစ်ပါကြောင်း၊ စက်ရုံဧရိယာအတွင်းရှိ မြေနေရာ များကိုလည်း စက်ရုံများအဆင့်မြှင့်တင် ဆောင်ရွက်ပါက အကျိုးရှိစွာ အသုံးချနိုင်ရေး စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စက်ရုံများ အဆင့်မြှင့်တင်ပြီးပါက ထပ်မံ လိုအပ်မည့် ဓာတ်အားလိုင်းအဝင်အထွက်များကိုလည်း ကြိုတင်လျာထား ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဌာနပိုင်ရှိဆယ်တင် ပစ္စည်းများအား ပြန်လည်အသုံးပြုနိုင်ရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ဆက်လက်သုံးစွဲရန် မသင့်တော့သည် ပစ္စည်းများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းမှပယ်ဖျက်၍ ဝင်ငွေ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုံခြုံရေး သတိ၊ လုံခြုံရေး အသိအမြဲရှိစေရေး ဂရုပြုနေထိုင်သွားရန် လိုအပ်ပါကြောင်းနှင့် အခြားလိုအပ်သည်များ  အသေးစိတ် မှာကြားခဲ့ပါသည်။  

   ပြည်ထောင်စုဝန်ကြီးသည် ရွာမဓာတ်အားပေးစက်ရုံသို့ ရောက်ရှိစစ်ဆေးစဉ် စက်ရုံ ဧရိယာအတွင်း လှိုင်မြစ်ကမ်းပါး မြေပြိုကျမှုမရှိစေရေး မြစ်ကမ်းပါး မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး မြစ်ရေစီးကြောင်း လေ့လာ၍ မြေထိန်းနံရံတည်ဆောက်ရေး၊ စက်ရုံမြေဧရိယာ အတွင်းသာ တည်ဆောက်ရေးနှင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရေးတို့အား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
20-Nov-2023