နေပြည်တော်၊ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ( ၂၄ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃)နှင့် ဒု-ဦးစီးမှူး(စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့၊ (၁၃:၃၀) နာရီ အချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်ပြီးစီးခဲ့သည့် ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်းတွင် ဝန်ထမ်း(၄၄)ဦးတို့အား ကွန်ပျူတာအခြေခံသင်ခန်းစာများကို ရက်သတ္တပတ် (၈) ပတ်ကြာ သင်ကြားပို့ချပေးခဲ့ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဒု-ဦးစီးမှူး(စက်/လျှပ်) (၅၀)ဦးတို့ကိုလည်း စာတွေ့/ လက်တွေ့၊ လေ့လာရေးခရီးစဉ်များနှင့်အတူ ရက်သတ္တပတ်(၂)ပတ်ကြာ ဖွင့်လှစ်ပို့ချ ပေးခဲ့ပါကြောင်း၊ ကွန်ပျူတာအခြေခံ ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုမွမ်းမံသင်တန်းကို ဝန်ကြီး ဌာနအတွင်းရှိ ဝန်ထမ်းများ ကွန်ပျူတာအကြောင်းကို အခြေခံကျကျ သိရှိနားလည် စေရေး၊ ရုံးလုပ်ငန်းတာဝန်များကို စာရွက်အများအပြားအသုံးပြုသည့်စနစ်မှ IT နည်းပညာ အသုံးပြုပြီး Paperless စနစ်ကို ဦးတည်စေရေး၊ စာရင်းဇယား၊ အချက်အလက်များကို Database များဖြင့် စနစ်တကျ တည်ဆောက်ထိန်းသိမ်း ထားတတ်လာစေရေးနှင့် ကောင်းမွန် သော Presentation တစ်ခုဖြစ်အောင် လုပ်ဆောင်တတ်စေရေးစသည့် ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အတူ ဒု-ဦးစီးမှူး(စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းကို စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ပစ္စည်းစီမံရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်တတ်စေရန်နှင့် ဓာတ်အားကွပ်ကဲ/ထိန်းသိမ်း/မောင်းနှင်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်တတ်စေရန်အတွက် ဖွင့်လှစ်ပို့ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ အသိပညာ၊ အတတ်ပညာ တိုးပွားစေရေး မွမ်းမံသင်တန်းများ၊ အရည်အချင်း မြှင့်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ပါသဖြင့် ဝန်ကြီးဌာနအတွက် အထောက်အကူပြုနိုင်မည့် ဝန်ထမ်း ကောင်းများ ပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏လုပ်ငန်းခွင် အသီးသီးသို့ ပြန်ရောက် သည့်အခါ သင်တန်းကရရှိခဲ့သော အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချပြီး ပေးအပ်လာသည့် တာဝန်နှင့်ဝတ္တရားများကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ နှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်ရေး ကျင့်ကြံနေထိုင်သွားကြရန်နှင့် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်း၊ စေတနာကောင်းအပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အင်ဂျင်နီယာဝန်ထမ်းကောင်းများဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃)တွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆု ရရှိသူများအားလည်းကောင်း၊ ဒုတိယဝန်ကြီးက ဒု-ဦးစီးမှူး(စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃)တွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆု ရရှိသူများအားလည်းကောင်း ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် ဌာနအကြီးအကဲများက သင်တန်းဆင်း လက်မှတ်များအား သင်တန်းသားများထံ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက်ပြီး ဥတ္တရ သီရိမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေလ် ငွေကောက်ခံနေမှု၊ မီးသုံးစွဲသူပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မှာကြားရာ၌ ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝ တည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ်ဖြန့်ဖြူး ပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့အတွက် ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများအား စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် ပြည်သူကိုဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့် အညီ စာရင်းမှပယ်ဖျက်၍ ဝင်ငွေပြန်လည်ရရှိရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းအိမ်ရာများနှင့် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေးနှင့် မီးဘေး အန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။