၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၂၀ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၃၁)မိုင်အကွာ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ဝှမ်းပေါ်တွင် တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်ပေးနေမှုနှင့် ပုသိမ်ကြီးမြို့နယ်ရှိ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် ဦးဆောင်ညွှန်ကြားရေမှူးနှင့် တာဝန်ရှိသူတို့က ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားထုတ်လုပ် မောင်းနှင်နေမှုအခြေ အနေ၊ ဓာတ်အားပေးစက်ကြီးများအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများအား လည်းကောင်း၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က ရေလှောင်တမံ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ နှစ်စဉ်မိုးတွင်းကာလ၌ ရေပိုလွှဲမှ ရေလျှံကျမှုကို အလဟသမဖြစ်စေရန် ၎င်းလျှံရေကို ထိန်းသိမ်းပြီး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေး ခွဲရုံသို့ ရေမှုံ၊ ရေမွှားများ ရောက်ရှိမှုကာကွယ်နိုင်ရေးတို့အတွက် ရေပိုလွှဲတွင် ဂိတ်တံခါးတပ်ဆင် ဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို သုံးသပ်တင်ပြရန် လိုအပ်ပါကြောင်း၊ စက်ရုံနှင့်တမံကို ထိန်းသိမ်းစောင့်ကြပ်ကြည့်ရှု့ နေမှုတွင်လည်း တပ်ဆင်ထားသည့် သတ်မှတ်ကိရိယာများ၏ သတ်မှတ်ချက်များအတိုင်း အမြဲမပြတ်စောင့် ကြပ်ကြည့်ရှုနေရန် လိုအပ်ပါကြောင်း၊ အကယ်၍ ဓာတ်အားစနစ်တွင် System Break Down ဖြစ်ပါက အမြန်ဆုံး ပြန်လည်ဓာတ်အားရရှိစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမြဲမပြတ် လေ့ကျင့် နေရန်နှင့် ကြိုတင်၍ ဝန်ထမ်းများကို တာဝန်အသီးသီးပေးအပ်ထားရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် စုဆောင်းထားရှိသည့် ရေများကိုအကျိုးရှိစွာ အသုံးပြုပြီး စက်စွမ်းအားပြည့် မောင်းနှင်လည်ပတ်၍ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်ရုံရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ ကြံ့ခိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျစီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အဖွဲ့အစည်းတစ်ခု၏ တာဝန်ခံအရာထမ်းများသည် အကြီးအကဲများဖြစ်သည့်အလျှောက် မိမိလက်အောက်ရှိ ဝန်ထမ်းများကို လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးရန်နှင့် ထိုသို့ ဆောင်ရွက်မှုများအပေါ် ၎င်းတို့၏ အကောင်အထည်ဖော်နိုင်မှုအား စစ်ဆေးကြပ်မတ် နေရန်လိုအပ်ပါကြောင်း၊ စက်ရုံများအနေဖြင့် အသစ်တည်ဆောက်ခြင်းများ မပြုလုပ်နိုင်မီ ကာလတွင် ရှိပြီးသားစက်ရုံများကို ပျက်စီးမှု မရှိစေရေး စနစ်တကျထိန်းသိမ်းမောင်းနှင်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ အိမ်ရာများ တွင်လည်း လူနေထိုင်ခြင်းမရှိသည့် အိမ်ခန်းများကို ပျက်စီးမှုမရှိစေရေး ၎င်းအိမ်ခန်းအနီးရှိ နေထိုင်သူဝန်ထမ်းများကို ထိန်းသိမ်းနိုင်ရေး တာဝန်ပေးအပ်ထားရန် လိုအပ်ပါကြောင်း၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်လုံခြုံရေးအဆင့် စီစဉ်ထားရန် လိုအပ်ပါ ကြောင်း၊ စက်ရုံမှူးမှ မိမိ၏ဝန်ထမ်းများကိုလည်း အမြဲမျက်ခြေမပြတ် အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ပေးသကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲများပြုလုပ်ပေးရန် လိုအပ် ပါကြောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေများ အတိုင်း မိမိကိုယ်ကိုယ်မိမိ ထိန်းသိမ်းပြီး ဝန်ထမ်းကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံ သွားကြရန်နှင့် မိမိတို့ကျရာအခန်းကဏ္ဍမှ တက်ညီလက်ညီစည်းလုံးညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်သွား ကြရန်မှာကြားခဲ့ပါသည်။
ထို့နောက် ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများ အတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ် ပေးနေမှုအခြေအနေနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် တမံ၏ ကြံ့ခိုင်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
၎င်းနောက် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ် ရာများ ပေးအပ်ကာ နေ့လည်စာအား အတူတကွ သုံးဆောင်ခဲ့ပြီး ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ပုသိမ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က ဓာတ်အား ခွဲရုံဆိုင်ရာအချက်အလက်များနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုဆိုင်ရာ အခြေအနေ များအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား မှာကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးနေမှု၊ Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူး ပေးနေမှုနှင့် ဓာတ်အားလိုင်း ဆွဲသားထားရှိမှုအခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ် ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ကြီးတံခွန်မြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂)တည်ဆောက်ရေးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။