၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ ပဲခူး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရုံးလုပ်ငန်းများဆောင်ရွက် နေမှု၊ငွေကောက်ကောင်တာတွင် ပြည်သူများ ဓာတ်အားခလာရောက်ပေးဆောင်နေမှုနှင့် ၃၃ကေဗွီ အမှတ်(၂)ဓာတ်အားခွဲရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ထားရှိမှု အခြေအနေအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယခုလ ၁၅ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း) ရှိ ပဲခူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများ အား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏက ဖြည့်စွက်ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဘတ်ဂျက်ပါလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်း(%)အလိုက် ငွေပေးချေမှုကိစ္စအား လိုက်လျောညီထွေဖြစ်စေရေး အထူးအလေးထားဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအား လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများပို့ချပေးရန်၊လုပ်ငန်းသုံး စတိုပစ္စည်းများအား စနစ်တကျ လက်ခံ/ထုတ်ပေးပြီး စာရင်းရေးသွင်းမှတ်တမ်းထားရှိရန်၊ သတ်မှတ်ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေး အထူး အလေးထားဆောင်ရွက်ကြရန်၊ ဓာတ်အားခငွေများအလွဲသုံးစားမှုမဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး တာဝန်ရှိသူများက အထူးကြပ်မတ်ဆောင်ရွက်ရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်/ သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်၊ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေး အသိ၊သတိဖြင့် ဆောင်ရွက် ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ငွေကောက်ကောင်တာတွင် ပြည်သူများ ဓာတ်အားခ လာရောက်ပေးဆောင်နေမှုနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပဲခူးမြို့အတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၃၃ကေဗွီ အမှတ်(၂)ဓာတ်အားခွဲရုံသို့သွားရောက်ပြီး တာဝန်ရှိသူများက ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် Switch Yard (ဆွိစ်ယာဒ်)အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ် ပစ္စည်းများ၏ အခြေအနေနှင့် မိုးရာသီကာလတွင် ဓာတ်အားခွဲရုံသို့ ရေဝင်ရောက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား လိုက်လံရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက Switch Yard အတွင်း လုပ်ဆောင်မည့် အစီအမံကို ဆက်လက်တင်ပြ၍ ညှိနှိုင်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်အားခွဲရုံဝင်းအတွင်း ဝန်ထမ်းများ စိုက်ပျိုးထား ရှိသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ Switch Yard (ဆွိစ်ယာဒ်)အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ် ပစ္စည်းများ၏အခြေအနေများ၊ လက်ရှိဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေ အနေနှင့် အသစ်တိုးချဲ့တည်ဆောက်ဆဲ/မည့် ၂၃၀ကေဗွီ အရှေ့ဒဂုံ-လှော်ကားဓာတ်အားလိုင်း၊ ၂၃၀ကေဗွီ ဝါးတရာ-လှော်ကားဓာတ်အားလိုင်းတို့အတွက် Switch-Bay နေရာလျာထားမှု အခြေအနေတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။