The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ မိသားစု သဖွယ်ရင်းနှီးသည့် ဆက်ဆံရေးရှိစေရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ၂/၂၀၂၄ လအတွက် ဝန်ထမ်းများဆန္ဒဖော်ထုတ်တွေ့ဆုံမှု အခမ်းအနား များကို နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၌ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန/လုပ်ငန်းများမှ သတ်မှတ်နေ့ရက်များအလိုက် အသီးသီးကျင်းပပြုလုပ်ခဲ့ကြပါသည်။

   အဆိုပါအခမ်းအနားများသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန/လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဌာနခွဲများမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းများဆန္ဒ ဖော်ထုတ်မှုများအား ဌာန/အဖွဲ့အစည်းများတွင် ပြုလုပ်ရမည့် အခမ်းအနားတစ်ခု ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများတွင် အထက်နှင့်အောက် ထိတွေ့ဆက်ဆံမှုရှိနေသည့်အတွက် ရုံးလုပ်ငန်း ပိုင်းဆိုင်ရာများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဝန်ထမ်းများသက်သာချောင်ချိရေး၊ ရုံးတွင်း/ရုံးပြင် သန့်ရှင်းသာယာလှပရေးနှင့် ဝန်ထမ်းများ၏ ခံစားချက်များ၊ လိုအပ်ချက်များ၊ အခက်အခဲများအား သိရှိဖြေရှင်းပေးနိုင်ရန်အတွက် ဌာနတိုင်း လစဉ်ပြုလုပ်သွားရန် လိုအပ်ကြောင်း၊ သို့မှသာ အောက်ခြေတွင် လုပ်ကိုင်နေရသည့်အခက်အခဲများ၊ လိုအပ်ချက်များအား ဝန်ထမ်းများက တင်ပြရန်လိုအပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ဆင့်ကဲဆင့်ကဲ တာဝန်ယူဖြေရှင်းပေးသွား နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတူ အထက်ဌာနများမှ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ ကိုလည်း သက်ဆိုင်ရာဌာနအကြီးအကဲများက အောက်ခြေသို့ ချပြအသိပေး ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း၊ ပွင့်လင်းရာသီရောက်လာပြီဖြစ်သဖြင့် လာမည့်နွေရာသီကာလတွင် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ရုံးအဆောက်အဦများ၊ စက်ရုံအလုပ်ရုံများ၊ ဝန်ထမ်းအိမ်ရာများ၊ အဆောင်များတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအား စီမံချက်များရေးဆွဲ၍ ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် မီးဘေးအန္တရာယ် ကျရောက်လာပါကလည်း အချိန်မီ မီးငြိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှုများအား ပြုလုပ်သွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဝန်ထမ်းများအတွက် ရုံးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာ များကို အသစ်တိုးချဲ့၍ မဆောက်လုပ်ပေးနိုင်သေးမီတွင် ရှိပြီးသားအဆောက်အဦများတွင်  မိုးလုံ၊ လေလုံ ရေမီးပြည့်စုံစွာဖြင့် သာယာလှပရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနတာဝန်သည် ပြည်သူလူထုအတွက် လျှပ်စစ်မီးရရှိရေး၊ လျှပ်စစ်မီးပေးနိုင်ရေးသည် အဓိကလုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လျှပ်စစ်မီးရရှိရေးကို နည်းလမ်း ပေါင်းစုံဖြင့် စီမံဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ကျရာ အခန်းကဏ္ဍမှ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မီးသုံးစွဲမှုနှင့် ရေသုံးစွဲမှုကိုလည်း ချွေတာသုံးစွဲကြရန်လိုကြောင်း စသည်ဖြင့် ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။  

   ထို့နောက် သက်ဆိုင်ရာဌာနများမှ ဌာနခွဲများအလိုက် တာဝန်ရှိသူများက ၁/၂၀၂၄ လတွင် ကျင်းပသော ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်တင်ပြခဲ့မှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့မှု အခြေအနေနှင့် အထက်ဌာနညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်း တင်ပြခဲ့ကြပါသည်။

   ၎င်းနောက် သက်ဆိုင်ရာဌာနများမှ ဌာနခွဲများအလိုက် အရာထမ်း/အမှုထမ်းများက ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများ၊ လိုအပ်ချက်များနှင့် အကြံပြုချက်များကို ဆန္ဒဖော်ထုတ်တင်ပြကြရာ သက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြား ရေးမှူးများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
04-Mar-2024