The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း  လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း

 

 ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၈ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ် နေမှုအား ကြည့်ရှုစစ်ဆေး၍ မွန်းလွဲပိုင်းတွင် ကလောမြို့ရှိ ကလောပင်မဓာတ်အားခွဲရုံ၌ ကယားပြည်နယ်မှ စစ်ဘေးရှောင်ဝန်ထမ်းများအား တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ် ခဲ့ပြီး ကလောပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်လောင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှုအခြေအနေများ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေ၊ ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ကျောက်မီးသွေး ရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေနှင့် ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ဓာတ်အားပေး စက်ရုံသည် နိုင်ငံတော်ပိုင်စက်ရုံဖြစ်၍ လက်ရှိအချိန်တွင် Independent Power Producer (IPP/Rental) စနစ်ဖြင့် ဆောင်ရွက်နေသော်လည်း မိမိတို့ဌာနဝန်ထမ်းများအနေဖြင့် ထိန်းညှိ မောင်းနှင်ရန် လိုအပ်လာပါက ထိန်းညှိမောင်းနှင်နိုင်ရန်အတွက် ယခုအချိန်ကတည်းက ကျွမ်းကျင်မှုရှိစေရေး နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများရယူ၍ လေ့လာဆည်းပူး ထားရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများတွင် ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနမှ ရသင့်သည့်ရငွေများ ရရှိစေရေးကိုလည်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းများ​ဆောင်ရွက်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အလေးထားဆောင်ရွက်ရန်နှင့် စက်ရုံများ အသစ်တည်ဆောက်ခြင်း မပြုလုပ်နိုင်သေးမီကာလတွင် ရှိပြီးသားစက်ရုံများကို ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်း မောင်းနှင်သွားရန်နှင့် ဓာတ်အားပေးစက်များ ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရန်အတွက် စက်များ၏ ကြံ့ခိုင်ရေးကိုလည်း စနစ်တကျစီမံချက် ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းအိမ်ရာလိုင်းခန်းများ၌ နေထိုင်ရာတွင်လည်း စည်းလုံးညီညွတ်စွာဖြင့် မိသားစုသဖွယ် နေထိုင်သွားကြရန်နှင့် မိမိတို့ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဌာနတာဝန်ခံများအနေဖြင့်လည်း ဝန်ထမ်း များ၏ အခက်အခဲများ၊ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် တွေ့ဆုံပွဲများ၊ ဆန္ဒဖော်ထုတ်ပွဲများ လစဉ်ပြုလုပ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှု၊  တာဘိုင် စက်ခန်းများအတွင်း ဓာတ်အားပေးစက်များမောင်းနှင်၍ ဓာတ်အားထုတ်လုပ်ပေးနေမှု၊ ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကျောက်မီးသွေး အခြောက်ခံစက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကျောက်မီးသွေးပြာများ သိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်ဝန်ကြီးနှင့်အဖွဲ့သည် ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတူးဖော်ရေးလုပ်ကွက်သို့ ရောက်ရှိပြီး ကျောက်မီးသွေးများ တူးဖော်ထုတ်ယူနေမှုနှင့် ကျောက်မီးသွေးများအား Conveyor Belt ဖြင့် ဓာတ်အားပေးစက်ရုံရှိ ကျောက်မီးသွေး သိုလှောင်ရုံများသို့ သယ်ယူပို့ဆောင်ပေးနေမှု အခြေ အနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   အဆိုပါ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်တည်ရှိပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ စက်တပ်ဆင်အင်အားမှာ ၆၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် နှစ်လုံးဖြင့် စုစုပေါင်းတပ်ဆင်အင်အား ၁၂၀ မဂ္ဂါဝပ်ဖြစ်ပြီး ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မည့် ဓာတ်အားမှာ ၉၆၀ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို ၁၃၂ ကေဗွီ တီကျစ်-လောပိတဓာတ်အားလိုင်း၊ ၁၃၂ ကေဗွီ တီကျစ်-လွိုင်ကော်ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ တီကျစ်-ကလောဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက် ရှိပါသည်။

   မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကလောပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ကယားပြည်နယ်မှ စစ်ဘေးရှောင်၍ ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ရုံးဌာနများတွင် တွဲဘက်တာဝန် ထမ်းဆောင်လျက်ရှိသည့် စစ်ဘေးရှောင်ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြား ခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ စစ်ဘေးရှောင် ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ပေးအပ် ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောပင်မဓာတ်အားခွဲရုံရှိ ဓာတ်အား ထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switchyard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးနေမှုအခြေအနေ တို့အား လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
29-Apr-2024