The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 ၂၀၂၄ ခုနှစ်၊ မေလ ( ၁၁ )ရက်

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ  မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ တာလေ မြို့လျှပ်စစ်ရုံးနှင့် ကျိုင်းလပ်မြို့လျှပ်စစ်ရုံး သို့သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး  ညနေပိုင်းတွင် တာချီလိတ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်း အိမ်ရာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မေလ ၉ ရက်နေ့တွင် မိုင်းဆတ်မြို့နယ်အတွင်း အသစ် တည်ဆောက်လျက်ရှိမကြာမီပြီးစီးတော့မည့် ၆၆ကေဗွီ မိုင်းဆတ်ဓာတ်အားခွဲရုံနှင့် ဓာတ်အား လိုင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့၌ပြီး မိုင်းဆတ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်း များနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများချီးမြှင့်ခဲ့ပါသည်။

   ယခုလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်ခရိုင်အတွင်းရှိ တာလေမြို့လျှပ်စစ်ရုံးနှင့် ကျိုင်းလပ်မြို့လျှပ်စစ်ရုံးသို့ရောက်ရှိရာ ၎င်းမြို့များအား ဒီဇယ်အင်ဂျင် စက်ဖြင့်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များက ရုံးလုပ်ငန်းဆိုင်ရာအချက်အလက်များအား လိုက်လံရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က လစဉ်ဒီဇယ်ဆီခွဲတမ်းရရှိမှုအရ ပြည်သူများသတ်မှတ်ချိန်အတိုင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိနိုင်ရေး စနစ်တကျဆောင်ရွက်ကြစေလိုပါကြောင်း၊ ဒီဇယ်စက်ဖြင့် ဓာတ်အား ပေးရသည်နှင့်အညီ ထုတ်လုပ်ပေးလိုက်သည့်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ကြရန်၊ စက်မောင်းဆီနှင့်ချောဆီများကိုစနစ်တကျသုံးစွဲရေး၊ ဒီဇယ်ဆီ ရရှိ/သုံးစွဲ/ လက်ကျန်စာရင်းနှင့် ဒီဇယ်ဆီကုန်ကျမှုမှတ်တမ်းများ စနစ်တကျပြုစုထားရှိရေး အလေး ထားဆောင်ရွက်ကြရန်၊ အင်ဂျင်နှင့်စက်ပစ္စည်းများအား ပုံမှန်စစ်ဆေး၍ လိုအပ်သော ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက် သွားကြရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး ဓာတ်အားပေးစက်အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိရာ ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိ သူများက တာချီလိတ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေအား ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ်  ဒုတိယဝန်ကြီးက  ပြည်သူများလျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ မိသားစုသဖွယ် စည်းလုံးညီညွှတ်စွာနေထိုင်ကြရန်၊ ဝန်ထမ်းများကျွမ်းကျင်မှုအရည်အသွေးမြှင့်တင်ရေး လုပ်ခွင်မပျက်သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်မှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ဝန်ထမ်းအိမ်ရာတို့အား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

   ယခုလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်းဆတ်မြို့နယ်အတွင်း အသစ်တည်ဆောက်လျက်ရှိပြီးမကြာမီပြီးစီးတော့မည့် ၆၆ကေဗွီ, ၁၀အမ်ဗွီအေ မိုင်းဆတ် ဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဆိုင်ရာ တည်ဆောက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရန်မှာကြားပြီး ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းတည်ဆောက်ပြီးစီးနေမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်းဆတ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာက လက်ရှိရေအားလျှပ်စစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ၆၆ကေဗွီ,ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သင်တန်းများပို့ချသင်ကြားပေးခြင်းများ ဆောင်ရွက်ကြရန်၊ ဓာတ်အားခွဲရုံတွင် One Line Diagram များရေးဆွဲ၍ ချိတ်ဆွဲထားရှိရန်၊ ဌာနပိုင်မြေ အမည်ပေါက်ရရှိစေရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာအဆင့်ဆင့်သို့တင်ပြ၍ အမြန်ဆုံးဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
11-May-2024