၂၀၂၄ ခုနှစ်၊ မေလ (၂၃)ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ သပြေဝ-၃(၃၀)မဂ္ဂါဝပ်နှင့် သာစည် (၃၀)မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်၊ (၁၈:၃၀) နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံများဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Natural Solar Power Co., Ltd. နှင့် Great Success Energy Co., Ltd. တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ဖွင့်ပွဲအခမ်းအနားအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သပြေဝ-၃ နှင့် သာစည် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အကောင် အထည်ဖော်တည်ဆောက်ခဲ့မှု မှတ်တမ်းကို Video Clip ပြသမှုဖြင့် ရှင်းလင်းတင်ပြခြင်းအား ကြည့်ရှုခဲ့ကြပါသည်။
၎င်းနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ MSME လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းရေး၊ အရည်အသွေးမြင့်မားသည့် ပညာရေးစနစ် ဖြစ်ပေါ်စေရေးနှင့် အလုပ် အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာစေရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာ အရေးပါသည့်အတွက် တစ်နိုင်ငံလုံးမှ ပြည်သူအားလုံး သာတူညီမျှ ရရှိသုံးစွဲနိုင်ရေး အတွက် ရည်မှန်းချက်ထားကာ မူဝါဒများ ချမှတ်ပြီး “၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် သုံးစွဲရရှိရေး” အတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဉတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ် (Nationally Determine Cotribution – NDC) အရ ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ % (၅၁၅၆ မဂ္ဂါဝပ်)၊ နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲ စွမ်းအင်ပါဝင်မှု ၁၁ % (၂၀၀၀ မဂ္ဂါဝပ်) လျာထားရေးဆွဲထားပါကြောင်း၊ လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင်မှ ၃.၃ ရာခိုင်နှုန်း ပါဝင်ထုတ်လုပ်လျက်ရှိပြီး ထပ်မံ၍ နေရောင်ခြည်နှင့် လေစွမ်းအင်တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာနေမှုများကိုလည်း MOU ၊ MOA ၊ LOA များ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် နေနှင့် လေစွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှု ပါဝင်မှုအချိုးအစားသည် မိမိတို့ ရည်မှန်းထား သည့် ၁၁ ရာခိုင်နှုန်းကို ပြည့်မီရောက်ရှိလာမည် ဖြစ်ပါကြောင်း၊ ထိုသို့ ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ ရလဒ်တစ်စိတ်တစ်ပိုင်းဖြစ်သည့် ယခုတည်ဆောက် ပြီးစီးခဲ့သော Natural Solar Power Co., Ltd. ၏ သပြေဝ-၃ (၃၀ မဂ္ဂါဝပ်) နှင့် Great Success Energy Co., Ltd. ၏ သာစည် (၃၀ မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသည် Build – Operate - Own - BOO (တည်ဆောက်/ လည်ပတ်/ ပိုင်ဆိုင်)စနစ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတပ်ဆင်အင်အား (၆၀ မဂ္ဂါဝပ်) ဖြစ်ပြီး တစ်နှစ်လျှင် စုစုပေါင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၈ သန်း ထုတ်လုပ် ပေးနိုင်မည်ဖြစ်၍ အိမ်ထောင်စုပေါင်း ၉၉,၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထပ်တိုးဖြန့်ဖြူး ပေးနိုင်မှာလည်း ဖြစ်ပါကြောင်း၊ သပြေဝ-၃ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းကို (၁၃)လအတွင်း တည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် လည်းကောင်း၊ သာစည် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို (၁၄)လအတွင်း တည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သာစည်ပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင်လည်းကောင်း အသီးသီးချိတ်ဆက်၍ ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဓာတ်အားစနစ် ကွန်ရက်အတွင်းတွင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားများ ချိတ်ဆက်ပို့လွှတ်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံ(၆)ရုံ ရှိရာမှ ယခုထပ်မံ၍ (၂)ရုံမှ ထွက်ရှိသော ဓာတ်အားများကိုလည်း နိုင်ငံတော်ဓာတ်အားစနစ် အတွင်းသို့ ထပ်မံချိတ်ဆက်ပို့လွှတ်နိုင်ပြီဖြစ်သည့်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ (၈)ရုံ၊ စုစုပေါင်း တပ်ဆင်စက်အင်အား (၂၄၀) မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင်ပြီ ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှု အချိုးအစား (Generation Mix) အားဖြင့် ရေအား (၄၅ %)၊ သဘာဝဓာတ်ငွေ့(၅၀ %)၊ နေရောင်ခြည်(၃%)၊ ကျောက်မီးသွေး (၂ %)တို့ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ အခြေခံလူမှု စီးပွားဘဝကို မြှင့်တင်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ ရရှိသုံးစွဲနိုင်ရေးသည် အဓိကဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံးမှ ပြည်သူများအားလုံး ရာနှုန်းပြည့် ရရှိသုံးစွဲနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံများအား အဆင့်မြှင့်တင်ပြုပြင်ခြင်းနှင့် အသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို နိုင်ငံပိုင်ရန်ပုံငွေ၊ နိုင်ငံခြားချေးငွေ၊ အထောက် အပံ့တို့ဖြင့် နှစ်စဉ်အဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကမှလည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်မှုများကို ဦးစားပေး ဆောင်ရွက်ရန် လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့သည့်အတွက် နေရောင်ခြည်စွမ်းအင်သုံးနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဦးစားပေးအကောင်ထည်ဖော် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင်လည်း ရေအား၊ လေအား၊ နေရောင်ခြည် အစရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည့်အလျောက် ရေအား၊ လေအားနှင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ နေရာအနှံ့အပြားတွင် နေရောင်ခြည်စွမ်းအင် ကောင်းမွန်စွာ ကျရောက်သည့်အတွက် သဘာဝက ပေးထားသောအားသာချက်ကို ကောင်းစွာအသုံးချပြီး နိုင်ငံတော်၏ မူဝါဒများနှင့်အညီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ရန် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်ရရှိစေရေးအတွက် ထုတ်လုပ်မှုအပိုင်းတွင် အထောက်အကူဖြစ်စေရန် လျှပ်စစ် ဓာတ်အားသိုလှောင်စနစ် Energy Storage System တပ်ဆင်အသုံးပြုနိုင်ရေးအတွက်လည်း တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရောင်ခြည်စွမ်းအင်ကို နာရီအချိန်အလိုက် ပိုမို သိုလှောင်ရရှိနိုင်ရေး ဆိုလာပြားများအား Tracking System တပ်ဆင်အသုံးပြုနိုင်ရေးအတွက်လည်း တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းဆိုင်ရာ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို နှစ်စဉ်မဖြစ်မနေ ဆောင်ရွက်လျက်ရှိသောကြောင့် လျှပ်စစ်ဓာတ်အား ထိန်းညှိထုတ်လုပ်ဖြန့်ဖြူးနေမှုမှာ ၂၉၅၀ မဂ္ဂါဝပ်ခန့်သာ ရှိပါကြောင်း၊ သို့ရာတွင် ခန့်မှန်း ဓာတ်အားလိုအပ်ချက်မှာ ၄၂၀၀ မဂ္ဂါဝပ်ခန့် ရှိသောကြောင့် အများပြည်သူ မီးသုံးစွဲမှုများသော နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်များတွင် ဓာတ်အား ၁၂၅၀ မဂ္ဂါဝပ်ခန့်ကို ဝန်အားထိန်းညှိလျှော့ချ ခြင်းများ ဆောင်ရွက်နေရပြီး ဓာတ်အားလိုင်းထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း တစ်ချိန်ထဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်အတွင်း ၂၀၂၄ ခုနှစ်၊ မတ်လအထိ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း ၁၀ သန်းကျော်ရှိသည့်အနက် မီးသုံးစွဲသူ အိမ်ထောင်စု စုစုပေါင်း ၇ သန်းကျော်အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်သောကြောင့် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား ရရှိမှုအချိုး (Electrification Ratio - ER) အနေဖြင့် (၆၇.၃၄%)သို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို နားလည် သဘောပေါက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ် ပြည်သူများ မှလည်း ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ Natural Solar Power Co.,Ltd နှင့် Great Success Energy Co.,Ltd မှ တာဝန်ရှိသူက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများ တည်ဆောက် ရခြင်း၏ အကျိုးကျေးဇူးများနှင့် ဓာတ်အားပေးစက်ရုံစီမံကိန်းများ တည်ဆောက်ခဲ့မှု အခြေ အနေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက် လာသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ဂုဏ်ပြုညစာအား အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။