The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ပစ္စည်းသိုလှောင်ရေးစတိုနှင့် ဓာတ်အားဖြန့်ဖြူးရေးဌာနတို့အား သွားရောက် ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၄ ခုနှစ်၊ ဇွန်လ (၃၀) ရက်                              

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ပစ္စည်းသိုလှောင်ရေးစတိုနှင့် ဓာတ်အား ဖြန့်ဖြူးရေးဌာန လက်အောက်ရှိ   ထရန်စဖော်မာပြုပြင်ရေးဌာနခွဲ၊ မြေအောက်ဓာတ်ကြိုး ဌာနခွဲ၊ ကောင်းကင်ဓာတ်အားလိုင်းဌာနခွဲနှင့် လမ်းမီးဌာနခွဲတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပစ္စည်းသိုလှောင်ရေးစတိုသို့ ရောက်ရှိရာ စတိုတာဝန်ခံများက ပစ္စည်းများ သိုလှောင်၊ ထိန်းသိမ်း၊ ထုတ်ပေး၊ လက်ကျန် အခြေအနေနှင့် စာရင်းဇယားများ ပြုစုထားရှိမှုတို့အား ရှင်းလင်းတင်ပြကြပါသည်။

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ စတိုလက်ကျန်ပစ္စည်း စာရင်းများအား ပထမအကြိမ်စစ်ဆေးပြီးဖြစ်၍ (၃)လ တစ်ကြိမ် သုံးစွဲမှုများအား သုံးစွဲမှု ရှိ/မရှိ ပစ္စည်းလက်ကျန်စာရင်းများအား စစ်ဆေးရန်လိုအပ်ပါကြောင်း၊ လေလံတင်ရမည့် ပစ္စည်းများကို အမြန်ဆုံးဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဘတ်ဂျတ်လျာထားရာတွင်လည်း ပိုလျှံပစ္စည်းများကို ဦးစားပေးအသုံးပြုရန်နှင့် စတိုမှ ပစ္စည်းလက်ကျန်မရှိမှသာ ဝယ်ယူရေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ စတိုအတွင်း ပစ္စည်းများထားသိုမှုများကို သတ်မှတ် ထားမှုအတိုင်း စနစ်တကျ မှတ်တမ်းရေးသွင်းထားရှိရန်နှင့် စာရင်းရေးသွင်းမှုကို အမြဲတမ်း Update ဖြစ်နေရန် လိုအပ်ပါကြောင်း၊ နှစ်ကာလကြာ အထုတ်/အသွင်းမရှိသည့် ပစ္စည်းများ ကိုလည်း အဖွဲ့ဖွဲ့၍ စနစ်တကျစစ်ဆေး ဆောင်ရွက်ပြီး ၎င်းတို့မှ ဆယ်တင်အသုံးပြုနိုင်သော ပစ္စည်းနှင့် ဖျက်စီးသင့်သည့် ပစ္စည်းများကိုခွဲ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး မီးသတ်အထောက် အကူပြုပစ္စည်းများအား အသင့်ဖြစ်နေစေရေး စီမံထားရှိပြီး ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ပြုလုပ်ထားရန်လိုအပ်ပါကြောင်း မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပစ္စည်းသိုလှောင်ထိန်းသိမ်းထားရှိသည့် စတိုအတွင်း ထိန်းသိမ်းထားရှိသည့် လုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်အားလိုင်း/ဓာတ်အား ခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲနေရာချထားမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားဖြန့်ဖြူးရေးဌာန လက်အောက်ရှိ   ထရန်စဖော်မာပြုပြင်ရေးဌာနခွဲ၊ မြေအောက်ဓာတ်ကြိုးဌာနခွဲ၊ ကောင်းကင် ဓာတ်အားလိုင်းဌာနခွဲနှင့် လမ်းမီးဌာနခွဲတို့သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။

    တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ထရန်စဖော်မာများအား ပြုပြင်ပြီးစီးသည်နှင့် သုံးစွဲရန် သင့်/မသင့် စစ်ဆေးချက်များကိုလည်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မလိုအပ်သောပစ္စည်းများအား လေလံတင်ရောင်းချသွားရန် လိုအပ်ပါကြောင်း၊ ဂိုထောင်အမိုးများအား ရေစီးရေလာကောင်းမွန်စေရေး အမှိုက်သရိုက်များအား ရှင်းလင်း ထားရန်၊ ရေတလျှောက်များအား ရေစီးကောင်းမွန်စေရေး စီစဉ်ဆောင်ရွက်ထားရန်နှင့် ပေါက်ပြဲနေသော အမိုးများအား ပြန်လည်လဲလှယ်ထားရှိရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းထားသည့် ဌာနများသည် အရေးပေါ်ပြုပြင်ရန် လိုအပ်ချိန်တွင် အသင့်ထွက်ခွာ ပြင်ဆင်နိုင်ရေး လူ၊ ပစ္စည်းများအား အမြဲအသင့်ဖြစ်စေရေး စုဖွဲ့ထားရှိရန်လိုအပ်ပါကြောင်းတို့အား မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
01-Jul-2024