၂၀၂၄ ခုနှစ်၊ ဇူလိုင်လ( ၁ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ဝါးတရာ ကျေးရွာအနီးတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် ၅၀၀ ကေဗွီ ဘုရာကြီး-လှိုင်သာယာ လှိုင်မြစ်ကျော် ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်မြစ်ကျော် ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းစီမံကိန်း (၉၇) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေမှု၊ မြစ်ကျော်တာဝါတိုင်များ တည်ဆောက်ပြီးစီးခဲ့မှု၊ ကြိုးဆွဲခြင်း လုပ်ငန်းများအား ကြိုးဆွဲအဖွဲ့(၄)ဖွဲ့ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုနှင့် သတ်မှတ်ရက် အတွင်း ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ပြည်သူများ လျှပ်စစ် ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် မြစ်ကျော်ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်စဉ် ရေလမ်းကြောင်းအန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းတွင် ပါဝင် ဆောင်ရွက်နေသည့်ဝန်ထမ်းများအန္တရာယ်ကင်းရှင်းစွာဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ကြပ်မတ်၍ စနစ်တကျဂရုပြု ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စီမံကိန်းလုပ်ငန်းခွင် အတွင်း မြစ်ကျော်တာဝါတိုင်များ တည်ဆောက်ပြီးစီးမှု၊ မြစ်ကျော်ဓာတ်အားလိုင်း ကြိုးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေလမ်းကြောင်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ထားမှု အခြေအနေတို့အား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
အဆိုပါ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းသည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသော ဓာတ်အားများကို ဓာတ်အား သုံးစွဲမှုများပြားသော ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဓာတ်အားပျောက်ဆုံးမှုနည်းပါးစွာဖြင့် ဗို့အားပြည့်ဝတည်ငြိမ်စွာ ပို့လွှတ်နိုင်ရေးအတွက် တည်ဆောက်ခြင်းဖြစ်ပြီး ယခုအခါ စီမံကိန်းလုပ်ငန်းများ၏ (၉၇) ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကာ လက်ရှိအချိန်တွင် ၂၃၀ ကေဗွီ ဗို့အားစနစ်ဖြင့် နိုင်ငံတော်ဓာတ်အား စနစ်နှင့် ချိတ်ဆက်၍ ကနဦးဓာတ်အားပို့လွှတ်နိုင်ရန်အတွက် လှိုင်မြစ်ကျော် ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လပထမပတ်အတွင်း ပြီးစီး နိုင်ရေး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၂၄၀ ဦးဖြင့် အဖွဲ့ (၄)ဖွဲ့ ခွဲကာ ကြိုးဆွဲခြင်းလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းဓာတ်အားလိုင်းတည်ဆောက်ပြီးပါက ရန်ကုန်မြို့သို့ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ- လှော်ကားဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ကမာနတ်-လှော်ကားဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ ကမာနတ်-သန်လျင်-သီလဝါ ဓာတ်အားလိုင်းတို့ဖြင့် ဗို့အားပြည့်ဝတည်ငြိမ်စွာ ပို့လွှတ်သွား နိုင်မည် ဖြစ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ အဝင်လမ်း ဖောက်လုပ်မည့်မြေနေရာ အား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ်၊ လျှပ်စစ်မိုးကောင်းဝင်း အတွင်းရှိ အရာထမ်း/ အမှုထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများသို့ ရောက်ရှိပြီး အိမ်ရာကြီးကြပ်သူ တာဝန်ခံများ၊ နေထိုင်သူ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ပုံမှန်ပြုလုပ်သွားရန်နှင့် အိမ်ရာဝန်းကျင်ရှိ ရေမြောင်းများ ရေစီး ရေလာကောင်းမွန်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ သတ်မှတ်ထားသော အိမ်ရာစည်းကမ်း များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပြီး ဝန်ထမ်းအိမ်ရာလုံခြုံရေးအတွက် သူစိမ်း ဧည့်သည်များ၊ မသက်ဆိုင်သူများ လာရောက်နေထိုင်ခြင်းမရှိစေရေးနှင့် မိသားစုဝင်များ၊ ဆွေမျိုး သားချင်းများ လာရောက်တည်းခိုပါက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်းအား မပျက်မကွက်တိုင်ကြားသွားရန်လိုကြောင်း၊ ဝန်ထမ်းအိမ်ရာ နေထိုင်ရာတွင် လိုအပ်ချက် အခက်အခဲများရှိပါက အိမ်ရာကြီးကြပ်သူ တာဝန်ခံများမှတစ်ဆင့် တင်ပြ ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန် တို့အား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။