၂၀၂၄ခုနှစ် ဇူလိုင်လ ၇ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းမန်နေဂျာရုံး(၁)(ရန်ကုန်)သို့ သွားရောက်၍ ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းများဆောင်ရွက်တိုးတက်မှုအခြေအနေ၊ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ လျှပ်စစ်/ စက်မှု/ မြို့ပြဆိုင်ရာလုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဆိုင်ရာပစ္စည်းများ လက်ခံ/ထားသိုထိန်းသိမ်းမှု/ ထုတ်ပေးမှုနှင့် စာရင်းဇယားထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယခုလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်း မန်နေဂျာရုံး(၁)(ရန်ကုန်)သို့ရောက်ရှိရာ ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စီမံကိန်းမန်နေဂျာက ၅၀၀ကေဗွီ ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းဆောင်ရွက်နေမှု အခြေအနေ၊ ၂၃၀ကေဗွီ ဓာတ်အားလိုင်းတည်ဆောက်နေမှုနှင့် ၂၃၀ကေဗွီဓာတ်အားခွဲရုံများ၌ Switch Bay အသစ်တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ ပစ္စည်းစီမံရေးဌာနတာဝန်ခံနှင့် တာဝန်ရှိသူများက ဂိုဒေါင်အလိုက် ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဘတ်ဂျက်ပါ စီမံကိန်းလုပ်ငန်းများအတွက် ပစ္စည်းများအချိန်မီရောက်ရှိရေးနှင့် သတ်မှတ် ကာလအတွင်းပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ မဟာဓာတ်အားလိုင်းများ ကြံ့ခိုင် ထိန်းသိမ်းမှုကို ကြိုတင်ကာကွယ် ဆောင်ရွက်ထားရန်၊ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးပစ္စည်းနှင့် ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ရေး ပစ္စည်းများအား စနစ်တကျသိမ်းဆည်းထားရှိရန်၊ ပစ္စည်းများ အား အလေအလွင့်မရှိအောင် ထားသိုထိန်းသိမ်း/ သုံးစွဲသွားရန်၊ နှစ်စဉ်စီမံကိန်းလုပ်ငန်းများအရ လိုအပ်ချက် ကို လက်ကျန်စာရင်းများဖြင့်စိစစ်ပြီး စနစ်တကျဝယ်ယူဖြည့်တင်း၍ စိစစ်ထုတ်ယူသုံးစွဲခြင်းဖြင့် နိုင်ငံဘဏ္ဍာ ချွေတာရာ ရောက်ပါကြောင်း၊ ထို့ကြောင့်ပစ္စည်းများ ရရှိ/ ထုတ်ပေး/သုံးစွဲ/လက်ကျန်စာရင်းများကို စနစ်တကျမှတ်တမ်းရေးသွင်းထားရှိကြရန်လိုအပ်ပါကြောင်း၊ အသုံးမလိုပိုလျှံပစ္စည်းများ ၊ သက်တမ်း ကျော်လွန် သုံးစွဲခဲ့သည့်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန်၊ မီးဘေးလုံခြုံရေးအတွက် ဂိုဒေါင်နှင့် ရုံးခန်းများတွင် မီးသတ်ဆေးဗူးများထားရှိရန်၊ နှစ်ချုပ်လက်ကျန် စာရင်းကောက်ယူမှု မှန်ကန်စေရေးဆောင်ရွက်ရန်၊ ထုတ်ယူသုံးစွဲထားသောပစ္စည်းများအား အချိန်မီ စာရင်းဖြောင့်ရှင်းလင်းရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး မြေပြင်ရှိပစ္စည်းများထားသိုမှု အခြေ အနေတို့အား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။