နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ပညာရည်ချွန် ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ထူးချွန် ဆုရဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အခမ်း အနားသည် ချီးမြှင့်ထိုက်သူကို ချီးမြှင့်ဂုဏ်ပြုသည့် အခမ်းအနားဖြစ်သည့်အတွက် ထူးချွန် ဆုရရှိသူများနှင့်အတူ ကျောင်းသားမိဘများပါ ဝမ်းမြောက်ဂုဏ်ယူရမည့် မင်္ဂလာ အခမ်း အနားဖြစ်သကဲ့သို့ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ အားလုံးအတွက်လည်း အားကျအတုယူဖွယ်ရာစံနမူနာပြသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးသည် ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီအတွက် ဘဝရည်မှန်းချက်ဖြစ်သလို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်သည့် လိုအပ်ချက်ဖြစ်ပါကြောင်း၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်သဖြင့် ပညာရေးကို တိုးတက်အောင် တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့၏ သား/သမီး များကို ပညာရေးတွင် နောက်ကျမကျန်ရစ်စေရန် ပြုစုပျိုးထောင် တွန်းအားပေး ဆောင်ရွက်သွားစေ လိုပါကြောင်း၊ ပညာခေတ်တွင် မိဘများက မိမိရင်သွေးငယ်များကို ပညာ ကြိုးစားသင်ယူ စေပြီး ပညာတတ်ကြီးများဖြစ်လာအောင် မိဘဝတ္တရားနှင့်အညီ ငယ်စဉ်ကတည်းက အတတ် လည်းသင် ပဲ့ပြင်ဆုံးမပေးရန် လိုသလို ကျောင်းသားလူငယ်များအနေဖြင့်လည်း အသိပညာ၊ အတတ်ပညာ၊ ပညာသည်သာ အမြတ်ဆုံးရတနာ၊ ပညာသည်သာ အားထားရာ ဆိုသည်ကို နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ ထူးချွန်ဝန်ထမ်းများနှင့် ကျောင်းသား လူငယ် များသည် ခိုင်မာသော ယုံကြည်ချက်၊ ပြတ်သားသောဆုံးဖြတ်ချက်၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများနှင့် အပတ်တစ်ကုတ် ကြိုးစားအားထုတ်ခဲ့ကြ၍ ယခုလို အောင်မြင်မှု အသီး အပွင့်များကို ရရှိခံစားရခြင်းဖြစ်ပြီး မိမိ၏ ဂုဏ်သိက္ခာသာမက ဝန်ကြီးဌာနဂုဏ်နှင့် မိဘ၊ ဆွေမျိုးဂုဏ်တို့ကို မြှင့်တင်ရာရောက်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန် ထက်မြက်စွာ အောင်မြင်ကြသည့် ကျောင်းသား/ကျောင်းသူများ အနေနှင့် ပညာရည်မြင့်မား တိုးတက်ပြီး အနာဂတ် မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်းနှင့် ထူးချွန် ဝန်ထမ်းများ အနေဖြင့်လည်း ကျရာတာဝန်ကျေပွန်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းကောင်းအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ များနှင့် ထူးချွန်ဆုရဝန်ထမ်းများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ဇနီးက (၅)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများအား လည်းကောင်း၊ ဒုတိယဝန်ကြီးက (၅)ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများအားလည်းကောင်း၊ ဌာနအကြီးအကဲများက (၄)ဘာသာဂုဏ်ထူး၊ (၃)ဘာသာ ဂုဏ်ထူး၊ (၂)ဘာသာဂုဏ်ထူးနှင့် (၁)ဘာသာဂုဏ်ထူး တို့ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများအားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ ကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီး အကဲများသည် ထူးချွန်ဆုရ ဝန်ထမ်းများ၊ ဂုဏ်ထူးရကျောင်းသား/ သူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၁၅)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၁၃)ဦး၊ စုစုပေါင်း (၁၅၄)ဦးနှင့် ထူးချွန်ဝန်ထမ်း (၁၈)ဦးတို့အား ဝန်ကြီးဌာနမှ ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။