နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက ပုဗ္ဗသီရိမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ဓာတ်အားသုံးစွဲမှုနှင့်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေလ် ငွေကောက်ခံ နေမှု၊ မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုနှင့် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ မိမိတို့မြို့နယ်များ အတွင်း ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထု ထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်း စေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများအား စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှု ပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအား ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားရန် လိုအပ်ပြီး ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအပေါ် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ/ခရိုင်လျှပ်စစ်အင်ဂျင်နီယာများမှ အဆင့်ဆင့်စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများအား စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် ဆက်လက်သုံးစွဲရန် မသင့်တော့သည့် ပစ္စည်းများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းမှပယ်ဖျက်၍ ဝင်ငွေပြန်လည်ရရှိရေး ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းအိမ်ရာများ၊ ဓာတ်အားခွဲရုံများနှင့် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွား ရန်နှင့် မြေနေရာလွတ်များတွင် သီးပင်စားပင်၊ နှစ်ရှည်ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုး သွားရန် မှာကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေ အနေနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများသို့ သွားရောက်ပြီး မြို့တွင်းနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။