နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁၀) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ၃၃/ ၁၁ ကေဗွီ ဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက လယ်ဝေးမြို့နယ်အတွင်း ဓာတ်အား သုံးစွဲမှုနှင့် ဓာတ်အားဖြန့်ဖြူးမှုဆိုင်ရာအချက်အလက်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ဆိုင်ရာအချက်အလက်များ၊ ဓာတ်အားခများကောက်ခံရရှိမှုအခြေအနေ၊ ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှုအခြေအနေ တို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ လက်ရှိဓာတ်အားထုတ်လုပ်ရရှိမှုအပေါ် အခြေခံ၍ ထိန်းညှိဖြန့်ဖြူးပေးလျက်ရှိသဖြင့် ဓာတ်အား ဖြန့်ဖြူးပေးပို့ရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျဖြန့်ဖြူးပေးသွားရန်နှင့် ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး ရည်မှန်းချက်ထား ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ မြို့နယ်များအတွင်း တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများမရှိစေရေး စစ်ဆေးကြပ်မတ် သွားရန်နှင့် ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး တာဝန်ရှိသူအဆင့်ဆင့်မှ တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ ဓာတ်အားပြတ်တောက်မှုမဖြစ်စေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများအား စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆို ဆက်ဆံ၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အကောင်းဆုံးဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအား ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားရန်လိုအပ်ပြီး ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြို့နယ်အဆင့်ရှိ ရုံးများတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည် ပြည်သူများနှင့် အနီးကပ်ဆုံး ထိတွေ့ဆောင်ရွက် ရသူများဖြစ်၍ ဝန်ကြီးဌာန၏ ပုံရိပ်ကို ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြို့နယ်တာဝန်ခံများမှလည်း မိမိတို့ ဝန်ထမ်းများ၏ လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များ၊ လွတ်လပ်စွာ တင်ပြနိုင်ရေးနှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆန္ဒဖော်ထုတ်ပွဲများကို လစဉ် ပြုလုပ်ပေးသွားရန်လိုအပ်ကြောင်း၊ ဆောက်လုပ်ပြီး ဝန်ထမ်းအိမ်ရာလိုင်းခန်းများကိုလည်း ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းပြုပြင်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းအိမ်ရာများ၊ ဓာတ်အားခွဲရုံများနှင့် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ ရေစီး ရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန်နှင့် မြေနေရာလွတ်များတွင် သီးပင်စားပင်၊ နှစ် ရှည်ပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးသွားရန် မှာကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ၃၃/ ၁၁ ကေဗွီ ဓာတ်အားခွဲရုံများသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံ များဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ဓာတ်အား ခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဗို့အားပြည့်ဝတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အား ပြတ်တောက်မှု မဖြစ်စေရေးအတွက် ဓာတ်အားခွဲရုံများတွင် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းခွင်သုံး သတ်မှတ်ယူနီဖောင်းနှင့် အကာအကွယ်ပစ္စည်းများ ပြည့်စုံစွာဝတ်ဆင်ဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံများ မြေနေရာဌာနပိုင်အမည်ပေါက် ရရှိရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံများမှ မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ များသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဆရာ ဒကာကျောင်းဖြစ်သော ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ရှိ မင်္ဂလာရာမိကကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးကောင်းမွန်စေရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်း၍ လုပ်အားဒါနပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။