The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (  ၂၁ )ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ နှင့်အတူ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၌ ရေတိုက်စားမှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းများ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၌ လွန်ခဲ့သောရက်ပိုင်းခန့်က မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများပျက်စီးဆုံးရှုံးမှုနှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ယာယီဓာတ်အားဖြတ်တောက်ထားရှိမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ယခုလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ရေတိုက်စားမှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် မဟာဓာတ်အားလိုင်းများအား ဌာနမှ အင်ဂျင်နီယာများဦးဆောင်ကာ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ပြည်သူများသို့ ဓာတ်အားစနစ်မှတဆင့် တည်ငြိမ်သောလျှပ်စစ်ဓာတ်အားဖြင့် အမြန်ဆုံး ပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ပေးကြရန်၊ ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ ဆယ်တင် သိမ်းဆည်းရှင်းလင်း ပြီးမှတ်တမ်းထားရှိရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည် အသုံးပြု သွားရန် မှာကြားပြီး လုပ်ငန်းများအမြန်ဆုံးပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

   မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည်   ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်သို့ ရောက်ရှိရာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ပန်တက်ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသည့် ၃၃ကေဗွီဓာတ်အားလိုင်းများ ရေတိုက်စားပြီးယိုင်လဲပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုဖြစ်စဉ်အား သင်ခန်းစာ ယူပြီး နောင်သဘာဝဘေးများဖြစ်ပေါ်လာခဲ့ပါက ဓာတ်အားလိုင်းများ ထပ်မံမပျက်စီးနိုင်ရေး လိုင်းအူကြောင်းများ ရှာဖွေရွှေ့ပြောင်း၍ ပြန်လည်တည်ဆောက်ရန်လိုအပ်ပါကြောင်း၊ သဘာဝဘေး ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများအား စနစ်တကျမှတ်တမ်းရေးသွင်းထားရှိရန်နှင့် ပြန်လည် အသုံးပြုနိုင်သည့် ပစ္စည်းများအား စနစ်တကျ ပြန်လည်တပ်ဆင်အသုံးပြုသွားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး လုပ်ငန်းများဆောင်ရွက်နေကြသည့် ဌာနမှ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ကလောမြို့ပေါ်ရပ်ကွက်များသို့ ရေဝင်ရောက်၍ ယာယီဓာတ်အား ဖြတ်တောက် ထားရှိမှု အခြေ အနေ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားလွှတ်ပစ္စည်းများပျက်စီးခဲ့မှု အခြေအနေနှင့် ပြန်လည် အစားထိုး ပြုပြင်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ  ဒုတိယဝန်ကြီးက ပြည်သူများ လျှပ်စစ် ဓာတ်အားကို အသိ၊သတိဖြင့် အသုံးပြုစေရေး အသိပညာပေးလုပ်ငန်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ပေးကြရန်၊ ရေကြီးရေလျှံခဲ့စဉ် ရေနစ်မြုပ်ခဲ့သည့် နေအိမ်၊ အဆောက်အဦများ၏  ဓာတ်အားလိုင်းများ၊ မီတာများနှင့် အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်း ထားရှိမှုများကို စနစ်တကျစစ်ဆေးပြီးမှသာ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးရန်နှင့် အခြားလိုအပ်သည် များ မှာကြားခဲ့ပါသည်။

   ၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ရေကြီးရေလျှံမှုသဘာဝဘေး အန္တရာယ်များဖြစ်ပေါ်ကာ ၃၃ကေဗွီ ရေပေါင်းစုံ-ပြည်ညောင်-နမ့်ပန်တက် ဓာတ်အားလိုင်း (၅)မိုင်ခန့် ၊ ၁၁ကေဗွီလိုင်း(၁.၃)မိုင်ခန့်၊ ၄၀၀ဗို့ဓာတ်အားလိုင်း(၀.၈၅)မိုင်ခန့် ယိုင်လဲပျက်စီးခဲ့ပြီး ၁၁/၀.၄ကေဗွီ ထရန် စဖော်မာ(၁၀)လုံးခန့်နှင့် ၄၀၀ဗို့  Panel (၇)ခန့် ရေနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့၍ ဓာတ်အားပြတ်တောက် မှုများ ဖြစ်ပေါ်ခဲ့ခြင်းအား ဌာနမှကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၂၁-၉-၂၀၂၄)ရက်နေ့တွင် ကလောမြို့ပေါ်ရှိ မီးသုံးသူ(၈၅)ရာခိုင်နှုန်းအား ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
22-Sep-2024