၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀ ) ရက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသည့် (၇) ကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက်ခဲ့ကြပါသည်။
ထိုသို့သွားရောက်စဉ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် ကျင်းပပြုလုပ်သည့် (၇) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်၏ “Low-Carbon Energy: The Foundation of a Sustainable Future” ခေါင်းစဉ် စကားဝိုင်းဆွေးနွေးပွဲတွင် တက်ရောက် ဆွေးနွေးခဲ့ပါသည်။ စကားဝိုင်းဆွေးနွေးပွဲတွင် Rosatom ၏ အကြီးအကဲဖြစ်သူ ဥက္ကဋ္ဌ အလက်ဆီလီကာချော့၊ မာလီသမ္မတနိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့လည်း ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာဗွန်နည်းသော အရင်းအမြစ်များဖြစ်သည့် ပြန်ပြည့်မြဲစွမ်းအင် (ရေအား၊ လေအား၊ နေရောင်ခြည်)ကို နိုင်ငံတော်ဓာတ်အားစနစ် (National Grid)နှင့် ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တဖက်တွင်လည်း အသေးစားဆိုလာစနစ်များ၊ နေအိမ်သုံး ဆိုလာစနစ်များ၊ မြစ်ရေတင်သုံး ဆိုလာစနစ်များ၊ လျှပ်စစ်သုံးမော်တော်ယာဉ်များ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးကို ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ ရေအားလျှပ်စစ်စက်ရုံများအနေဖြင့် လက်ရှိဓာတ်အားပေးစက်ရုံ (၃၀)ရုံ၊ တည်ဆောက်ဆဲစက်ရုံ(၈)ရုံ ၊ နေရောင်ခြည်စွမ်းအင်သုံးအနေဖြင့် လက်ရှိ ဓာတ်အား ပေးစက်ရုံ(၈)ရုံ၊ တည်ဆောက်ဆဲစက်ရုံ(၁၁)ရုံ ၊ လေစွမ်းအင်အရင်းအမြစ် ရရှိနိုင်သည့် နေရာများတွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို ဆောင်ရွက်လျက်ရှိရာ ကုန်းတွင်း စီမံကိန်းနေရာ (၂၈)ခုနှင့် ကမ်းလွန် စီမံကိန်းနေရာ(၂)ခု ရှိပါကြောင်း၊ လေအားစွမ်းအင်သုံး၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ Energy Storage System နှင့် ပေါင်းစပ်ပြီး ဓာတ်အားစနစ်သို့ ပို့လွှတ်ခြင်းဖြင့် တည်ငြိမ်သည့် ဓာတ်အားပေးစနစ်ရရှိရေး ကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားကို တည်တည်ငြိမ်ငြိမ်ဖြင့် ကာလကြာရှည်စွာ၊ ယုံကြည်စိတ်ချစွာ ဖြည့်ဆည်းပေးနိုင်ပြီး မြန်မာနိုင်ငံတွင် ကာဗွန် ထုတ်လုပ်မှု အနည်းဆုံး စွမ်းအင်အရင်းအမြစ်များကို ပေါင်းစပ်ဓာတ်အားထုတ်လုပ်ခြင်းဖြင့် UNFCCC ၏ ဆုံးဖြတ်ချက်နှင့်အညီ မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ် (Nationally Determine Contribution - NDC)ပါ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်(၁၀၅)သန်းကျော် လျှော့ချရေးကို ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့်အတူ ဖိုရမ်၏ပင်မအစီအစဉ်ဖြစ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် အီကွေတိုရီရယ်ဂီနီသမ္မတနိုင်ငံ သမ္မတတီယိုဒိုရို အိုဘင်ရာ နဂွင်းမာ အမ်ဘားဆိုဂို (Teodoro Obiang Nguema Mbasogo)တို့မှ ကမ္ဘာ့နိုင်ငံများ၏ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းအပေါ် ဆွေးနွေးခဲ့ကြသည့် မျက်နှာစုံညီအစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Rosatom ၏ အကြီးအကဲဖြစ်သူ ဥက္ကဋ္ဌ အလက်ဆီလီကာချော့နှင့်အဖွဲ့အား တွေ့ဆုံ၍ နှစ်နိုင်ငံကြား လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဖိုရမ်အတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြပါသည်။
စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများဖြစ်သည့် Rosatom Renewable Energy ကုမ္ပဏီ၊ Rosatom Smart Utilities ကုမ္ပဏီ၊ Rosatom Energy Projects ကုမ္ပဏီများနှင့် အသီးသီး တွေ့ဆုံခဲ့ပြီး လေအားလျှပ်စစ် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ရေအားလျှပ်စစ်စက်ရုံများ မွမ်းမံပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
စက်တင်ဘာလ ၂၈ ရက်နေ့တွင် နျူကလီးယားနည်းပညာ ဖြစ်ပေါ်တိုးတက်မှု သမိုင်း ပြတိုက် Atom Pavilion သို့ သွားရောက်လည်ပတ်လေ့လာခဲ့ကြရာ တာဝန်ရှိသူများက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းခဲ့သည့် အခြေအနေနှင့် လက်ရှိကာလအထိ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ နျူကလီးယားနည်းပညာကို လူသားများအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရေးဆောင်ရွက်မှုများ၊ အထူးသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဖြင့် အနာဂါတ် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းကို လိုက်လံရှင်းလင်းပြသပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ မော်စကိုမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ ခဲ့ရာ စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။