The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘောလီဘော(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

 ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်

   ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများက အဆင့်အတန်းရှိရှိ ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် အောင်မြင်မှု များရရှိနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ အားကစားနည်းများအလိုက် အသီးသီးကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင် ပြည်ထောင်စုဝန်ကြီးဖလား ဘောလီဘော (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊  အရာထမ်း/ အမှုထမ်းများ၊ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊ အုပ်ချုပ်သူ နည်းပြများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေး ကြပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးဖလား ဘောလီဘော(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ကိုယ်စားပြုအသင်းနှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကိုယ်စားပြုအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ကိုယ်စားပြုအသင်းက  ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကိုယ်စားပြုအသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ပထမဆုကို ထိုက်ထိုက်တန်တန် ရရှိသွားသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်း အနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြား ရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုဝန်ကြီးဖလား အားကစား ပြိုင်ပွဲများဖြစ်သည့် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ၊ ပြေးခုန် ပစ်ပြိုင်ပွဲနှင့် ဘောလီဘော(အမျိုးသား)ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို အားကစားနည်းများအလိုက် ဆုရရှိသည့် အားကစားသမားများအားလုံး စုစည်းတက်ရောက်စေချင်သည့်အတွက် ယခုလို ပေါင်းစုပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့်  ဝန်ကြီးဌာနအနေဖြင့် အဆင့်အတန်းရှိရှိ ပါဝင်ယှဉ်ပြိုင် နိုင်အောင် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများအနက် ထူးချွန်သည့် အားကစားသမားများကို ရွေးချယ်ပြီး အမျိုးသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသော လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံခိုင်ရေး အတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး” ဆိုသည့်အချက်ကို ဝန်ကြီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းက အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် အားကစား နည်းများအလိုက် ဆုရရှိကြသည့် အသင်းများမှ ထူးချွန်အားကစားသမားများအနေဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆက်လက်ပါဝင် ယှဉ်ပြိုင်ကြရမည်ဖြစ်သည့် အတွက် အားကစားပြိုင်ပွဲများတွင် မိမိဝန်ကြီးဌာနဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားများ အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများအဆင့်အထိဖြစ်အောင် လာမည့် အမျိုးသား အားကစားပွဲတွင်လည်း စခန်းသွင်းလေ့ကျင့်ရာတွင် စနစ်တကျ စည်းကမ်းလိုက်နာပြီး မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့နှင့် ကြိုးစားသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံး ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဘောလီဘော (အမျိုးသား) ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊ အားကစားအသင်းများ အား ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း  သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
04-Oct-2024