နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး ရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြုပြင်တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည်ပို့လွှတ် ထားမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်အတွင်း ၂၃၀ ကေဗွီ ရွှေမြို့- နေပြည်တော်(၂) ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သတ်မှတ်ရက်အတွင်း ဓာတ်အားအမြန် ပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု၊ တာဝါတိုင်များ စိုက်ထူနိုင်ရန် တာဝါသံဘောင်များ တပ်ဆင်တည်ဆောက်နေမှုနှင့် ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဓာတ်အား အမြန်ပို့လွှတ်နိုင်ရေး ဓာတ်အားလိုင်း ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ လျင်မြန်စွာဖြင့် ဆောလျင်စွာ ပြီးစီးနိုင်ရေး ဝန်ထမ်းအင်အား၊ ယာဉ်ယန္တရားအင်အား၊ ပစ္စည်းအင်အား၊ လုပ်ငန်းဆောင်ရွက် ချိန်များကို ပိုမိုတိုးချဲ့စုဖွဲ့၍ အင်ပြည့်အားပြည့် အသုံးပြုပြီး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ သာစည်- ရွှေမြို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ဓာတ်အားပြန်လည် ပို့လွှတ်ထားမှု၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)သို့ ယာယီဓာတ်အားလိုင်း တည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးထားမှုနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင် (၄)တိုင်နှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင် (၅)တိုင် ပြိုလဲပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ၂၃၀ကေဗွီ သာစည်- ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင်များ တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်များ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြီးစီးနိုင်ရေးနှင့် ဓာတ်အားအမြန်ပို့လွှတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။