The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ () ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှု နှင့် အထက်ပေါင်းလောင်းတမံအတွင်း ရေဝင်ရောက်မှုများပြားပြီး ရေပိုလွှဲမှ ပေ ၂၀ ကျော် ရေလျှံကျမှုကြောင့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း ရေများ ဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသွားရာ လမ်းတစ်လျှောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်နံရံ များမှ မြေသားများ လမ်းများပေါ်သို့ ပြိုကျမှုများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှား ရှင်းလင်းနေမှု၊ ရေတိုက်စားမှုကြောင့် လမ်းများပျက်စီးမှုအား ပြုပြင်ဆောင်ရွက်နေမှုနှင့် ယာယီသွားလာနိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် စက်ရုံသို့ သွားရောက်သည့် ချဉ်းကပ်လမ်း ရေတိုက်စားပျက်စီးခဲ့မှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပျက်စီးသွားသည့် လမ်းကြောင်းအစား မြစ်ရေတိုက်စားမှု ထပ်မံမရှိစေရေး လမ်းကြောင်းအသစ်ဖောက်လုပ်မည့်အခြေအနေနှင့် မြစ်ကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ထပ်မံ၍ ရေကြီးရေလျံမှုဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် မြစ်ကမ်းထိန်းသိမ်ရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်၊ စက်ရုံသို့ သွားရာလမ်းကြောင်းအား ပြန်လည်ဖောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လမ်းအင်္ဂါရပ်များနှင့် ကိုက်ညီအောင်ဆောင်ရွက်သွားရန်နှင့် လမ်း၏ အထက်ဘက်ရှိ ဓာတ်အားပေး စက်ရုံ Switch Yard နှင့် အဆောက်အဉီများ ထိခိုက်မှုမရှိစေရေး ဆောင်ရွက်သွားရန် မှာကြား ခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် အမှုထမ်းဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး အသစ်ပြန်လည်ဆောက်လုပ်ရာတွင် ရေ Level အား တွက်ချက်ဆောင်ရွက်သွားရန်နှင့် မြေသားနံရံအား လိုသလောက်သာ ဆောင်ရွက်ပြီး သဘာဝဘေးဒဏ်ခံနိုင်ရေး သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။   

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေလှောင်တမံရှုရပ်သို့ ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေလျှံကျနေမှုအခြေအနေနှင့် တမံကြံခိုင်မှုအခြေအနေ တို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့စဉ်က တမံရေပိုလွှဲမှ ပေ ၂၀ ကျော် ရေလျှံကျခဲ့မှုနှင့် လက်ရှိ ၇ ပေကျော် ရေလျှံကျနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တမံကြံ့ခိုင်မှုအား စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှုစစ်ဆေးသွားရန်၊ ရေဝင်ရောက်မှုအား အမြဲတမ်း မှတ်တမ်းတင်ထားရှိသွားရန်နှင့် တမံလုံခြုံရေးအား ဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ရေဝင်ရောက်ခဲ့မှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရေဝင်ရောက်မှုကြောင့် ဓာတ်အားပေးစက်ကြီးများနှင့် ဆက်စပ်ပစ္စည်းများ ရေနစ်မြှုပ်ခဲ့မှုအခြေအနေ၊ စက်ရုံအဆောက် အဦ၏ မြေအောက်ထပ်များမှ အထပ်အလိုက် ရေစုပ်ပန့်များဖြင့် ရေများစုပ်ထုတ်ခြင်း ဆောင်ရွက် နေမှုအခြေအနေ၊ စက်ရုံအတွင်း ဝင်ရောက်ခဲ့သော နုန်းများ ဖယ်ရှားရှင်းလင်းနေမှုနှင့် သန့်ရှင်းရေး ပြန်လည်ဆောင်ရွက်နေမှုအခြေအနေ၊ စက်မှု လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ စစ်ဆေးနေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရေနစ်မြှုပ်မှု ဖြစ်ခဲ့သည့် ဓာတ်အားပေးစက်ကြီးများအား စစ်ဆေးရာတွင် ပိုမိုမြန်ဆန်စေရေး တစ်ပြိုင်တည်း ဖြုတ်၍ စစ်ဆေးသွားရန်၊ စက်များအား ပြုပြင်ရာတွင်လည်း အထပ်အလိုက် တစ်ဆင့်ပြီး တစ်ဆင့် စစ်ဆေးပြုပြင်သွားရန်၊ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဦးစားပေးအဆင့်အလိုက် လုပ်ငန်းများခွဲခြားသတ်မှတ်ပြီး အဖွဲ့များခွဲကာ အဖွဲ့လိုက်ကြီးကြပ် သူများဖြင့် တာဝန်ပေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားပေးစက်များ ပျက်စီးမှုအခြေအနေကို အမြန်စစ်ဆေးပြီး လိုအပ်သည်များ ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ကျွမ်းကျင် ဝန်ထမ်းများအား စုစည်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်ပါက ပြည်ပမှ ကျွမ်းကျင်သူများအား ငှားရမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင် ခန်းမတွင် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စက်ရုံပြန်လည် လည်ပတ်၍ ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအား စည်းလုံး ညီညွတ်စွာဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်း၍ အားကြိုးမာန်တက်ဖြင့် အင်းတိုက်အားတိုက် တွန်းအားပေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၊ ဝန်ထမ်းသားသမီးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများအား  ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်းရှိ တောင်ကျချောင်းရေမှ စီးဆင်းလာသည့်ရေစီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် အရာထမ်းဝန်ထမ်းအိမ်ရာ များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာများအား ပြန်လည်ပြုပြင်၍ရပါက အသစ် ဆောက်လုပ်ခြင်း မပြုရန်နှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် ရေစီးကြောင်းလွှဲ၍ ရေထိန်းနံရံတည်ဆောက်ပြီး အဆောက်အဦ၏ အောက်ခြေအား ကောင်းမွန် ခိုင်ခန့်အောင် ပြန်လည်တည်ဆောက်သွားရန် မှာကြားခဲ့ပါသည်။   

   အဆိုပါ အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပျဉ်းမနားမြို့၏ အရှေ့ဘက် (၂၆) မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားပြီး တပ်ဆင် အင်အားအနေဖြင့် (၇၀) မဂ္ဂါဝပ် ဓာတ်အားပေးစက် (၂) လုံးဖြင့် စုစုပေါင်း (၁၄၀) မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား ကွန်ရက် စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေး လျက်ရှိရာ ရာဂီမုန်းတိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ တမံအတွင်း ရေဝင်ရောက်မှု များပြားပြီး ရေပိုလွှဲမှ ပေ ၂၀ ကျော် ရေလျှံကျမှုကြောင့် ဓာတ်အားပေးစက်ရုံအတွင်း ရေများ ဝင်ရောက်ခဲ့သည့်အတွက် ဓာတ်အားပေးစက်များ ရေနစ်မြုပ်ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပြီး ဓာတ်အားအမြန်ဆုံး ပြန်လည်ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနနှင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတို့မှ အင်ဂျင်နီယာများပူးပေါင်း၍ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အဖွဲ့များခွဲကာ စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။        

Post under by : ဝန်ကြီးရုံး
07-Oct-2024