The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားနှင့် ဝန်ထမ်းများ စွမ်းဆောင်မှုအရည်အသွေး တိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားနှင့် ဝန်ထမ်းများ စွမ်းဆောင်မှုအရည်အသွေး တိုးတက်မြင့်မားစေရေး မွမ်းမံ သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၂၇)၊ အစည်း အဝေးခန်းမ (၂)နှင့် နေပြည်တော်ဗဟိုသင်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ၊ တာဝန်ရှိသူများနှင့် ရေဘေးသင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

   ဦးစွာ ဝန်ကြီးဌာနမှ ရေဘေးဒဏ်ခံခဲ့ရသော ရေဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံအတွင်း စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် စံချိန်တင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး နေအိမ်အဆောက်အဦများ မျောပါခြင်း၊ လမ်း၊ တံတားများ ကျိုးပဲ့ပျက်စီးခြင်း၊ စက်ရုံ၊ အလုပ်ရုံများအတွင်း ရေများ ဝင်ရောက်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်း၊ တာဝါတိုင်များ ပြိုလဲခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း၊ တောင်ကျရေများ စီးဆင်းမှုများကြောင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း စက်ရုံအချို့ အကြီးစား ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း၊ ၎င်းပျက်စီး မှုများအနက်မှ အထက်ပေါင်းလောင်းဓာတ်အားပေးစက်ရုံ (၁၄၀ မဂ္ဂါဝပ်) အား ရေများစုပ်ထုတ် လျက်ရှိပြီး စုပ်ထုတ်ပြီးနေရာများမှ ဓာတ်အားပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘီလူးချောင်း(၂) ဓာတ်အားပေးစက်ရုံ ၁၆၈ မဂ္ဂါဝပ်သည် ရေကျဆင်းမှု မရှိသေးသည့်အတွက် ရေစုပ်ထုတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ တီကျစ် ဓာတ်အားပေးစက်ရုံ ၁၂၀ မဂ္ဂါဝပ်သည် စက်ရုံသုံးရေ Raw Water အတွက် ပံ့ပိုးပေးနေသော ရေပန့်ရုံ ရေနစ်မြုပ်မှုကြောင့် ပန့်နှင့်ဆက်စပ်ပစ္စည်းများ ချို့ယွင်းပျက်စီးခဲ့သဖြင့် ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျိုင်းတောင်းဓာတ်အားပေးစက်ရုံ ၅၄ မဂ္ဂါဝပ် ရှိသည့်အနက်မှ ၁၈ မဂ္ဂါဝပ် ဓာတ်အားပေးစက်တစ်လုံး ပြုပြင်ဆောင်ရွက်ပြီးဖြစ်၍ ဓာတ်အားထုတ်လုပ်ပေး လျက်ရှိပြီး ကျန်ရှိသည့် ဓာတ်အားပေးစက်များအား အမြန်ပြီးစီးအောင် ပြုပြင်ဆောင်ရွက် လျက်ရှိကြောင်း။

   ပေါင်းလောင်းဓာတ်အားပေးစက်ရုံ၊ နန်ချိုဓာတ်အားပေးစက်ရုံ၊ ရဲရွာဓာတ်အားပေးစက်ရုံ၊ ကင်းတားဓာတ်အားပေးစက်ရုံ၊ ဇော်ဂျီ(၁)ဓာတ်အားပေးစက်ရုံ၊ ရာဇဂြိုလ်ဓာတ်အားပေးစက်ရုံ များတွင် စက်ရုံချဉ်းကပ်လမ်းများ၊ ဝန်ထမ်းအိမ်ရာများ၊ ရေထုတ်မြောင်း ကျောက်စီနံရံများ၊ စက်ရုံအတွင်း ဓာတ်အားလိုင်းများ ပျက်စီးမှုရှိခဲ့သောကြောင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။

   ဓာတ်အားပို့လွှတ်ရေးအပိုင်းတွင် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင် (၄)တိုင် ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် တွင် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်းရှိ တာဝါတိုင် (၅)တိုင် ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက် ရာတွင် ရေလမ်းကြောင်း ကင်းလွတ်မှုများကို တွက်ချက်၍ တာဝါတိုင် (၇)တိုင် ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၃၀ ကေဗွီ ဘီလူးခေျာင်း (၂)-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင် (၁)တိုင် ရေတိုက်စားခဲ့၍ ပျက်စီးခဲ့ပြီး ပြန်လည် ပြုပြင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၁၃၂ ကေဗွီ မင်းဘူး-မကွေး ဓာတ်အားလိုင်းရှိ တာဝါတိုင် (၁)တိုင် ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဝန်ထမ်း နေအိမ်အဆောက်အဦ ပျက်စီးမှုများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကိုလည်း စီမံဆောင်ရွက် လျက်ရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ် စေရေးအတွက် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ခြင်းတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိကြောင်း။

   ရေကြီး ရေနစ်မြုပ်မှုများကြောင့် ဝန်ထမ်းမိသားစုများ၏ နေအိမ်၊ အဆောက်အဦများ၊ အခြားပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရာ အလုံးစုံပျက်စီးဆုံးရှုံးခဲ့သည့် ဝန်ထမ်း ၂၂ ဦး၊ တစ်စိတ်တစ်ပိုင်းနှင့် အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့သည့် ဝန်ထမ်း ၁၅၃ ဦး စုစုပေါင်း ၁၇၅ ဦးအား သက်ဆိုင်ရာဌာနများအလိုက် ဌာနအကြီးအမှူးများက ရေဘေးဒဏ်သင့် ခံစားခဲ့ရသည့် ဝန်ထမ်း များကို လိုအပ်သည့် ငွေကြေးထောက်ပံ့ပေးမှုများ၊ အဝတ်အထည်များ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ် ခဲ့သည့်အပြင် ဝန်ကြီးဌာနအနေဖြင့်လည်း ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ သဘာဝဘေး၊ ရေဘေးဒဏ်ကြောင့် ရေကြီးရေနစ်မြုပ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ နေအိမ်အဆောက်အဦများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လ မတိုင်မီ ပြီးစီးအောင် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ပြန်လည်တည်ဆောက်ရေးတွင်ပါဝင်သည့် ဌာနဝန်ထမ်းများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ဝန်ထမ်းများအနေဖြင့်လည်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲ စိန်ခေါ်မှုများကို စိတ်ဓာတ်ခိုင်မာစွာဖြင့် ကျော်လွှားနိုင်ပါစေကြောင်း အားပေးစကား ပြောကြား ခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရေဘေးသင့်ဝန်ထမ်း ၁၇၅ ဦး အတွက် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ရာ သက်ဆိုင်ရာဌာနအလိုက် ဌာနအကြီးအမှူးများက လက်ခံရယူခဲ့ကြပြီး ရေဘေးသင့် ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ဝန်ထမ်းများ စွမ်းဆောင်မှုအရည်အသွေး တိုးတက်မြင့်မားစေရေး မွမ်းမံ သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားအား နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ကဏ္ဍသည် အဓိကကဏ္ဍတွင် ပါဝင်လျက်ရှိပြီး သင်တန်းသားများအနေဖြင့် မိမိတို့ သင်ယူလေ့လာခဲ့သည့် သင်တန်းများမှ စာတွေ့လက်တွေ့များကို အချင်းချင်းနှီးနှောဖလှယ် ဆွေးနွေးပြီး စဉ်ဆက်မပြတ် နည်းပညာသစ်များအား ဆက်လက်ကြိုးပမ်းအားထုတ်၍ လုပ်ငန်းခွင် များတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချ ချက်များ အပြန်အလှန်ဆွေးနွေးခြင်းမှရရှိသည့် အသိပညာများ သင်တန်းသားအချင်းချင်း ဖလှယ်လို့ ရခဲ့သည့် အတွေ့အကြုံများအရ လုပ်ငန်းတာဝန်များကို တက်ကြွစွာဆောင်ရွက်သွားကြပြီး ဌာန အကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာကောင်းအပြည့်ဖြင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် ပြောကြားပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းအသီးသီးတွင် ထူးချွန်ဆု ရရှိခဲ့ကြသည့် သင်တန်းသားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဌာနအကြီးအကဲများက သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
11-Oct-2024