The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်

        လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန ၀န်ထမ်းများ၏ သား/သမီးများအား ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် အောင်မြင်သူများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲ များ၊ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ထူးချွန်ဆုရဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အချိန် တွင် နိုင်ငံတော်အစိုးရအနေဖြင့် သုတေသနလုပ်ငန်းများနှင့် ဆန်းသစ်တီထွင်မှုများကို အလေးထားကြိုးပမ်းပြီး ကမ္ဘာ့အဆင့်အတန်းမီ ပညာရေးစနစ်ဖြစ်လာစေရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံသားတိုင်း ပညာလေ့လာဆည်းပူးနိုင်ကြစေရန်အတွက် မသင်မနေရ ပညာရေးစနစ်ကို ဖော်ဆောင်နေသလို အခမဲ့ပညာသင်ယူရေးစနစ်ကိုလည်း တိုးတက် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အမျိုးသားပညာရေးစနစ် ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် ကျောင်းများနှင့် ပညာသင်ယူရာဌာနများတွင် အရည်အသွေး အာမခံ စနစ်တစ်ရပ်ထားရှိပြီး ကျောင်းသား/ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုများ သိသာ ထင်ရှားစွာ တိုးတက်လာရေးကို ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊      ထို့ကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်စေရန် မိဘနှင့် ဆရာအပြင် လူမှုရေးအသင်းအဖွဲ့များကလည်း တစ်တပ်တစ်အား ပံ့ပိုးလှူဒါန်း     ကူညီလျက်ရှိရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းမိသားစုများကို “စရိတ်မျှကူ ပညာအလှူ” အဖြစ် ယခုပညာသင်နှစ်အစတွင် ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်အသီးသီး၌ တက်ရောက်သင်ကြားနေကြသည့် မူကြိုတန်းမှ ဘွဲ့လွန်တန်းအဆင့်အထိ ကျောင်းသား/ ကျောင်းသူ (၂၄,၂၉၃) ဦး နှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁၈) ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်   (၂၆ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃၁) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅၆ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၅၇ဦး၊  စုစုပေါင်း  ဂုဏ်ထူးရသူ (၂၉၉ဦး၊ ရိုးရိုး အောင်မြင်သူ (၆၈၂) ဦး တို့အား ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အဖြစ် ဖွင့်လှစ်သည့်သင်တန်းများ၊ အခြားယှဉ်ပြိုင်မှုကဏ္ဍများတွင် ထူးချွန်ပြောင်မြောက် အောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် ဝန်ထမ်း (၆) ဦးအား တစ်ပါတည်း ချီးမြှင့်ဂုဏ်ပြုသွား မည်ဖြစ်ပါကြောင်း၊ ထူးချွန်ဝန်ထမ်းများနှင့် ကျောင်းသားလူငယ်များသည် ခိုင်မာသော ယုံကြည်ချက်၊ ပြတ်သားသောဆုံးဖြတ်ချက်၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝိရိယတို့ ပြည့်ဝစွာနှင့် အပတ်တစ်ကုတ်ကြိုးစားအားထုတ်ခဲ့ကြသည့်အတွက် ယခုလို အောင်မြင်မှု အသီးအပွင့်များကို ရရှိခံစားရခြင်းဖြစ်ပါကြောင်း၊ ထိုသို့ကြိုးစားခဲ့ခြင်းကြောင့် မိမိ၏ ဂုဏ်သိက္ခာသာမက ဝန်ကြီးဌာန၏ဂုဏ်နှင့် မိဘ၊ ဆွေမျိုးဂုဏ်တို့ကို မြှင့်တင်ရာ ရောက်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၊ မိသားစုဝင်များ၊ သား/သမီး၏ ပညာရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍအသီးသီးတွင် ထောက်ပံ့ကူညီလျက်ရှိရာ ပိုမိုထိရောက်စွာ ထောက်ပံ့နိုင်ရေးနှင့် မိဘများနှင့်ခွဲ၍ နေထိုင် ပညာသင်ကြားနေရသော အဆောင်နေ ကျောင်းသား/ ကျောင်းသူများအတွက်ကိုလည်း အခြားသောအထောက်အပံ့များရရှိအောင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများက ဝန်ထမ်းသား/သမီးများအတွက် ပညာသင်ထောက်ပံ့ကြေး၊ ပညာရည်ချွန်ဆုများနှင့် နိုင်ငံတော် အဆင့် ပြိုင်ပွဲများ၊ သင်တန်းနှင့် အခြားကဏ္ဍများတွင် ထူးချွန်ဆုရရှိသူ ဝန်ထမ်းများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများကိုယ်စား  (၆) ဘာသာ ဂုဏ်ထူးရှင် မသင်းလဲ့စံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
29-Jun-2018