The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ( ၁၈ ) ရက်

  ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၁၇ ရက်တွင် Sanit Petersburg ရှိ Leningrad Nuclear Power Plant (NPP) ၊ Power Machines နှင့် Konstantinovsky Palace များသို့ သွားရောက်လေ့လာကြသည်။

  ဦးစွာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသောင်းဟန်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Leningrad Nuclear Power Plant (NPP) သို့ ရောက်ရှိကြရာ အစည်းဝေးခန်းမတွင် စက်ရုံမှူး Lavrentiyev Pavel နှင့်တာဝန်ရှိသူများက စက်ရုံ၏ စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ၊ Atomic Energy ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာများ၊ ပြည်ပနိုင်ငံများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ နျူကလီးယား နည်းပညာများနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုဆောင်ရွက် နေမှုများ၊ နျူကလီးယားနည်းပညာကို သုတေသနလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ခြင်းများ စသော ကဏ္ဍများစွာတွင် အသုံးပြုလျက်ရှိသည့် အခြေအနေများ၊ ပြည်ပရှိ Atomic Station များအား ထိန်းချုပ်ဆောင်ရွက်ပေးနေမှုများ၊ Leningrad Nuclear Power Plant (NPP) အနေဖြင့် Sanit Petersburg မြို့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး နေသည့် အခြေအနေများ၊ နျူကလီးယားစွမ်းအင် အသုံးပြုဆောင်ရွက်နေမှုများအပေါ် ဒေသခံ ပြည်သူများ၏ ယုံကြည်စိတ်ချ လက်ခံနိုင်မှုအခြေအနေများ၊ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားဖြင့် လူမှုဘဝအတွက်များစွာ အထောက်အကူပြုနေမှုများ၊ စက်ရုံဝန်းအတွင်းရှိ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အဆိုပါ ဝန်ထမ်းများနှင့် မိသားစုများအတွက် ပညာရေး၊ ကျန်းမားရေး စသည်ဖြင့် လိုအပ်သည်များ စီမံဆောင်ရွက်ပေးထားမှုများနှင့် သဘာဝပါတ်ဝန်းကျင်အား လုံခြုံစိတ်ချရမှုပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။

  ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများက အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း ပြန်လည်ပြောကြားပြီး ရုရှား - မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးကြပြီး သိရှိလိုသည်များ အသေးစိတ် မေးမြန်းကြသည်။

  ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်ရုံအတွင်း Water Water Energetic Reactor (V.V.E.R) - 1200 ပါဝါယူနစ်၏ Block Control Panel လုပ်ငန်းဆောင်ရွက်မှုများ၊ တာဘိုင်ခန်းမ (Inspection of the turbine hall) ၊ ထိန်းသိမ်းမောင်းနှင်ရေးခန်းမနှင့် ဓာတ်အားပေးစက် (Generator) လည်ပတ်နေမှုများအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များမေးမြန်းကြရာ သက်ဆိုင်ရာကဏ္ဍတစ်ခုခြင်းစီအလိုက် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။

  အဆိုပါ Leningrad (Newear Power Plant) NPP သည် Sanit Petersburg မြို့၏ အနောက်တောင်ဖက် ကီလိုမီတာ ၈၀ အကွာတွင်တည်ရှိပြီး 1000 MW အား ထုတ်လုပ်  ပေးလျက်ရှိပြီး Sanit Petersburg မြို့၏ ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးလျက်ရှိသည်။ စက်ရုံစတင်လည်ပတ်ခဲ့သည်မှာ နှစ်ပေါင်း ၄၉ နှစ်ကြာရှိပြီး အဆိုပါကာလ အတွင်း ထိခိုက်မှုတစ်စုံတရာမျှမရှိပဲ ကောင်းစွာလည်ပတ်ခဲ့ပြီး ယခုချိန်အထိ သဘာဝ ပတ်ဝန်းကျင်ရှိ ရေထု၊ လေထုအတွင်း မည်သည့် Radation မျှမရှိဘဲ သဘာဝအတိုင်း ပကတိတည်ရှိနေကြောင်း အမြဲစမ်းစစ်လေ့လာမှုများအရသိရသည်။ ထို့ပြင် 1200 MW နှစ်လုံးကိုလည်း တိုးချဲ့ဆောင်ရွက်ထားရှိကြောင်း သိရသည်။

  ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Power Machines ကုမ္ပဏီ၏ Leningrad Metal Machine စက်ရုံသို့ သွားရောက်လေ့လာကြရာ စက်ရုံမှ ဒုတိယစက်ရုံမှူး Ivan Grosse မှ စက်ရုံဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သိရှိလိုသည်များ အသေးစိတ် မေးမြန်းပြီး စက်ရုံအတွင်း ဓာတ်အားပေးစက်များ ထုတ်လုပ်နေမှုများကိုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

  အဆိုပါ Power Machines ကုမ္ပဏီသည် ရေအားနှင့် အပူစွမ်းအင်သုံး လျှပ်စစ် ဓာတ်အား‌ပေး စက်ရုံများတွင် အသုံးပြုလျက်ရှိသော Turbine များကို အဓိကထား ထုတ်လုပ် လျက်ရှိသည်။ ကုမ္ပဏီအား ၁၉၄၂ မှ စတင်လည်ပတ်ခဲ့ပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံကိုလည်း လိုအပ်သော ဓာတ်အားပေးစက်များ ထုတ်လုပ်ရောင်းချပေးလျက်ရှိသည်။ ကမ္ဘာ့အဆင့်တွင် စတုတ္ထမြောက် အကြီးမားဆုံး ထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး ရုရှားနိုင်ငံ၏ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ တပ်ဆင်အသုံးပြုလျက်ရှိသော စက်များ၏ ၇၀ ရာခိုင်နှုန်းကို Power Machines မှ ထုတ်လုပ်ပေးထားကြောင်း သိရသည်။ နည်းပညာပိုင်းအကူအညီနှင့် Design များ ဆောင်ရွက်ပေးခြင်းနှင့် ဓာတ်အားပေးစက်များ တပ်ဆင်ခြင်းအတွက် အကြံဉာဏ် ပေးခြင်း၊ ဖြစ်ပေါ်လာသည့် အခက်အခဲများအား ကူညီဖြေရှင်းပေးခြင်းများကို အဓိကထား ဆောင်ရွက်ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း အလားအလာ ကောင်းများရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

 အလားတူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် Konstantinovsky Palace သို့သွားရောက်၍ နန်းတော်အတွင်းရှိ ပြခန်းများအား ကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြခဲ့ကြကြောင်း သတင်းရရှိသည်။

 

credit : ပြန်ကြားရေးဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
22-Nov-2022