The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂) (XII International Forum ATOMEXPO 2022 )သို့ တက်ရောက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ( ၂၁ ) ရက်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပသည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022) ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

အဆိုပါ Forum သို့ နိုင်ငံပေါင်း ၇၄ နိုင်ငံမှနျူကလီးယားဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ Rosatom ၏ အကြီးအကဲ ဥက္ကဋ္ဌ Alexey Likhachev (အလက်ဆီလီကာချော့) က Forum ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် တက်ရောက်လာကြသူများက (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Forum ATOMEXPO 2022)တွင် ခင်းကျင်းပြသထားသည့် နျူကလီးယားစက်မှုလုပ်ငန်း၏ ခေတ်မီပြခန်းများနှင့် ပုံစံငယ်များကို လိုက်လံကြည့်ရှုလေ့လာကြ၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Sirius Park of Science and Art ရှိ Atom ခန်းမတွင် ပြုလုပ်သည့် မျက်နှာစုံညီ အစည်းအဝေး (Plenary Session) တွင် “Nuclear Spring: creating sustainable future” ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုကို တက်ရောက်လေ့လာကြသည်။ အဆိုပါအခမ်းအနားတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က ပေးပို့သည့် မိန့်ခွန်းအား Rosatom ၏ အကြီးအကဲဥက္ကဋ္ဌ Alexey Likhachev (အလက် ဆီလီကာချော့)က (ကိုယ်စား) ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက Nuclear Energy မှ နိုင်ငံ တကာ၏ စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းနိုင်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှု မရှိဘဲ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကဏ္ဍတွင် အထောက်အကူပြုပုံနှင့် ပညာရေးနှင့် အလုပ် အကိုင် အခွင့်အလမ်းများရရှိနိုင်မှုတို့ကို အလှည့်ကျဆွေးနွေးကြသည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom ၏ အကြီးအကဲဥက္ကဋ္ဌ အလက်ဆီလီကာချော့နှင့် သီးခြားတွေ့ဆုံ၍ အသေးစားရေအားလျှပ်စစ်၊ လေအား၊ Nuclear Power Plant (SMR) နှင့် လူသားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး Non Disclosure Agreement ကို လက်မှတ်ရေးထိုးကြသည်။

ATOMEXPO FORUM မှာ ၂၀၀၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး နှစ်စဉ်ကျင်းပ ဆောင်ရွက်ခဲ့သည့် နိုင်ငံတကာနျူကလီးယား အဖွဲ့အစည်းများဖြစ်သော IAEA နှင့်ဥရောပ၊ လက်တင်အမေရိက၊ အာရှနှင့်အာဖရိကနိုင်ငံအသီးသီးမှ အလေးထားတက်ရောက်သော Forum တစ်ခုဖြစ်သည်။ Nuclear Power မှ ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေးနှင့် Green Energy သို့ အသွင်ကူပြောင်းရေး ရည်မှန်းချက်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယခု Forum တွင် ဘီလာရုစ်၊ ဇင်ဘာဘွေ၊ ဘူရန်ဒီ၊ မြန်မာ၊ ဥဇဘက်ကစ္စတန်စသည့် နိုင်ငံ များနှင့် လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲတွင် Program ပေါင်း ၄၀ ကျော်၊ တက်ရောက်သူ ပေါင်း ၄၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Post under by : ဝန်ကြီးရုံး
23-Nov-2022