The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်သူများမှ အပြစ်မဲ့ လျှပ်စစ်ဝန်ထမ်းတစ်ဦးအား လုပ်ကြံပစ်ခတ်ခဲ့မှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အခြေခံအဆောက်အအုံများအား တိုက်ခိုက်ဖျက်ဆီးမှုအခြေအနေများအား သတင်းထုတ်ပြန်ခြင်း

 

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ   ၃၀  ရက်

   ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ဖြန့်ဖြူးဆောင်ရွက်နေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများအား NUG လက်ဝေခံ PDF အကြမ်းဖက်သောင်း ကျန်းသူများ၏ လုပ်ကြံတိုက်ခိုက်ဖျက်ဆီးမှုများကြောင့် (၂၉-၁၁-၂၀၂၂) ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်လျှပ်စစ်ရုံး၌ တာဝန် ထမ်း‌ဆောင်လျက်ရှိသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာသည် နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ကျိုက်ထိုမြို့၌ လုပ်ကြံပစ်ခတ်ခံခဲ့ရသဖြင့် အပြစ်မဲ့နိုင်ငံဝန်ထမ်း တစ်ဦးအသက်ဆုံးရှုံးခဲ့ရခြင်း၊ (၂၈-၁၁-၂၀၂၂) ရက်နေ့တွင် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့(၁၃)မြို့ ဓာတ်အားပြတ်တောက်ခဲ့ခြင်းနှင့် (၂၈-၁၁-၂၀၂၂) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကျွန်းချောင်းရှိ (၂၀.၅၄)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးအင်ဂျင် စက်ရုံမှ ဝန်ထမ်းများအား ခြိမ်းခြောက် ငွေတောင်းခံခဲ့ပြီး ငွေပေးသွင်းခြင်းမရှိပါက အသက်အန္တရာယ်အားခြိမ်းခြောက်ခဲ့သဖြင့် နိုင်ငံခြားသားဝန်ထမ်းများ ထွက်ခွာခဲ့ရကာ ဓာတ်အားပေးစက်ရုံအား ရပ်တန့်ခဲ့ရပြီး ဓာတ်အားထုတ်လုပ်မှု လျော့နည်းခဲ့ရခြင်းစသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရ ပါသည်။

              လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူလူထုအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားများကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ဖြန့်ဖြူးရေးဓာတ်အားလိုင်းများအား ပြုပြင် ထိန်းသိမ်းခြင်း၊ အသစ်တည်ဆောက်ခြင်းများအား နေ့မအား ညမနား ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ရန်ပုံငွေဖြစ်သည့် လျှပ်စစ်ဓာတ်အားခများ ပြန်လည်ရရှိရေးအတွက် အချို့သော လျှပ်စစ် သုံးစွဲသူများမှ မိမိတို့သုံးစွဲမှုအတိုင်း ပြန်လည်ပေးဆောင်ခြင်းမရှိသည့် ဓာတ်အားခများကို လိုက်လံ ကောက်ခံခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

              ထိုသို့ဆောင်ရွက်လျက်ရှိမှုများအပေါ် NUG လက်ဝေခံ PDF  အကြမ်းဖက်သောင်းကျန်း သူများသည် အများပြည်သူသို့ ဖြည့်ဆည်းပေးလျက်ရှိသည့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံ များအပေါ် ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံပစ်ခတ်မှုအနေဖြင့် (၂၄) ကြိမ်၊ ဓာတ်အား ပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများသို့ ဝင်ရောက်ဖောက်ခွဲပစ်ခတ်ဖျက်ဆီးမှု (၂၀၉)ကြိမ် အပြင် အများပြည်သူသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို မိုင်းခွဲဖျက်ဆီးခဲ့မှု များအနေဖြင့် မဟာဓာတ်အားလိုင်းတာဝါ (၄၈) တိုင်နှင့် ဖြန့်ဖြူးရေးလိုင်း (၄၉)တိုင်တို့ကို အသီးသီး ဖျက်ဆီးဖောက်ခွဲခဲ့သဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၁၆၀) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ကာ  အချို့သောနေရာများတွင် ပြုပြင်ဆောင်ရွက်ခြင်း မပြုလုပ်နိုင် သေးသဖြင့် ပြည်သူ လူထုသို့ ဖြန့်ဝေပေးနိုင်မှုမရှိသည်များကို ကြုံတွေ့နေရပါသည်။

              လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ် ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်အချိန်များတွင်လည်း နှောင့်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများမှ အသက်ပေးဆပ်ခြင်း(၁၉)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း  (၅၆) ဦး ရှိခဲ့သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သက်ဆိုင်ရာနယ်မြေများရှိ လုံခြုံရေး အဖွဲ့များနှင့် ပူးပေါင်းကာ အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများကိုလည်း ဆက်လက် လုပ်ဆောင် ပေးလျက်ရှိပါသည်။

              ထိုသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်နေမှုအပေါ် ပြည်သူ လူထုမှလည်း နိုင်ငံဝန်ထမ်းများကိုလုပ်ကြံပစ်ခတ်ခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ သွယ်တန်း၊ ဖြန့်ဖြူးပေးလျက်ရှိသည့် နိုင်ငံ့အခြေခံအဆောက်အအုံများ လုပ်ကြံပစ်ခတ်ခြင်း၊ ‌ဖောက်ခွဲတိုက်ခိုက် ဖျက်ဆီးခြင်းများ မပြုလုပ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးပန်ကြားအပ်ပါသည်။

 

                                                                                            လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
30-Nov-2022