The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၉ )ရက်

  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊  နံနက်(၁၀:၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ တေစိုးကျေးရွာ အနီးရှိ အဆိုပါဓာတ်အားပေးစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ Green Power Energy Co.,Ltd မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြပါသည်။

    ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားကာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရခြင်း၏ အကျိုးကျေးဇူးများအားလည်းကောင်း၊  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက စက်ရုံတည်ဆောက်ရသည့် အကျိုးကျေးဇူးတို့အားလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခဲ့မှု မှတ်တမ်းကို ဗွီဒီယိုပြသမှုဖြင့် ရှင်းလင်းတင်ပြခြင်းအား ကြည့်ရှုခဲ့ပါသည်။၊ ၎င်းနောက် Green Power Energy Co.,Ltd မှ တာဝန်ရှိသူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

    ထို့နောက် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊  လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် Green Power Energy Co.,Ltd မှ တာဝန်ရှိသူတို့က တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်နှင့် ဦးစိုင်းလုံးဆိုင်တို့က တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနား ကမ္ဗည်းကျောက်စာ မော်ကွန်းအား စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးခဲ့ပါသည်။

   ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ် ဓာတ်အားများထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေတို့အား လှည့််လည်ကြည့်ရှုခဲ့ကြပါသည်။

      အဆိုပါ တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ တေစိုးကျေးရွာအနီးတွင် Green Power Energy Co.,Ltd မှ Build Operate Own(BOO) စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ရေအား၊ နေအား၊ လေအား အစရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့်  နိုင်ငံ၏ နေရာအများအပြားတွင် နေရောင်ခြည်ကောင်းစွာ ရရှိနိုင်သည့်အတွက် အဆိုပါ သဘာဝက ပေးထားသည့် အားသာချက်ကို ကောင်းစွာအသုံးချပြီး နေရာင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အကောင် အထည်ဖော် တည်ဆောက်လျက်ရှိပါသည်။ ထိုသို့ တည်ဆောက်ရာတွင် မြေဧကများစွာ လိုအပ်သည့်အတွက် နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး ဆောင်ရွက်ရန် ခက်ခဲသည့်မြေများနှင့် အပူပိုင်းဒေသ လွင်တီးခေါင်ပြင်မြေများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံချက်များ ချမှတ် ဆောင်ရွက်ခဲ့ပြီး ယနေ့ဖွင့်လှစ်သည့် တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနည်းတူ ထပ်မံ၍  မြေပေါ်အခြားမြေပြင်၌ တည်ဆောက်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများ၊ အဆောက်အဦများ၏ ခေါင်မိုးများပေါ်တွင် ဆောင်ရွက်မည့် (Rooftop Solar)နှင့် ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ (Floating Solar Plants)ကိုလည်း အကောင်အထည်ဖော်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ယခု တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ (၂၀)မဂ္ဂါဝပ်ဖြစ်ကာ မြန်မာနိုင်ငံတွင် တတိယမြောက် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၄၅)သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ အိမ်ထောင်စုပေါင်း (၂၁,၀၀၀)ခန့်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် နိုင်ငံတော်အတွင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးရှိ မြို့ပေါင်း (၅၀၈)မြို့၊ ကျေးရွာပေါင်း (၄၀,၆၉၃)ရွာ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး အိမ်ထောင်စုပေါင်း (၆,၉၅၆,၂၉၅)စုအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်၍ မြန်မာ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှုအချိုးအနေဖြင့် နိုင်ငံ့လူဦးရေ၏(၆၄)ရာခိုင်နှုန်းအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပြီဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး (၁၀၀) ရာခိုင် နှုန်းပြည့် လျှပ်စစ်မီးရရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
29-Dec-2022