The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊  ဧပြီလ (၁) ရက်     

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန် ရှိသူများသည် မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် သတ်မှတ်ရက်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့်နောက်ကျနေသည်များရှိ၍ ယခုတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ထပ်မံသတ်မှတ် ထားသည့်ရက်များတွင် လျှပ်စစ်မီးထုတ်လုပ်နိုင်ရန်လိုအပ်ပါကြောင်း၊ ယင်းသို့ထုတ်လုပ် နိုင်ရန်အတွက် ရောက်ရန်ကျန် စက်ပစ္စည်းများကိုလည်း အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင်ရမည့်ကိစ္စရပ်များကို အရှိန်အဟုန်နှင့်ဟန်ချက်ညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက် ရာတွင်လည်း သတ်မှတ်အရည်အသွေးပြည့်မီစေရန်နှင့် အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါ ကြောင်း၊ သတ်မှတ်ထားရှိသည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နေရောင်ခြည်စွမ်းအင် နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas Engine Hybrid)  စက်ရုံမှ သတ်မှတ် ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပြီး စီမံကိန်း လုပ်ငန်းခွင်အတွင်း မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊  Engine Foundation လုပ်ငန်း များ‌ဆောင်ရွက်နေမှု၊ ဓာတ်အားပေးစက်များ ရောက်ရှိနေမှု၊ Construction Power တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် စီမံကိန်းအဝင်လမ်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   အဆိုပါ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ (၄၉၀) ဧကပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အားမှာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသ ကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။     

Post under by : ဝန်ကြီးရုံး
01-Apr-2023