The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၁၀:၀၀  နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်၍ ကထိန်လျာသင်္ကန်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

          ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များနှင့် ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး မဟာစည်သတိပဌာန်ကျောင်းတိုက် ဆရာတော် အရှင်အာစိဏ္ဏ အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက ဆရာတော်၊ သံဃာတော်များထံသို့ ကထိန်လျာသင်္ကန်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆပ်ကပ် လှူဒါန်းခဲ့ကြပြီး မဟာစည်သတိပဌာန်ကျောင်းတိုက် ဆရာတော် အရှင်အာစိဏ္ဏ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာ တရားတော်များ နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

          ယနေ့ကျင်းပပြုလုပ်သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တမအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းတိုက် (၁၀)ကျောင်းအတွက် စုစုပေါင်းလှူဒါန်းငွေကျပ် ၃၃,၂၄၃,၃၅၀/- (ကျပ်သုံးရာ သုံးဆယ့်နှစ်သိန်းလေးသောင်းသုံးထောင်သုံးရာ့ငါးဆယ် တိတိ) တန်ဖိုးရှိ ကထိန်လျာသင်္ကန်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များအား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ ဌာန ဆိုင်ရာအကြီးအကဲများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
29-Oct-2022