The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (  ၃၀  ) ရက်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၃၀ ရက်နေ့ ၊ နံနက်ပိုင်းတွင်  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ သံတွဲခရိုင် အတွင်းရှိ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန် စေရေးတို့အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ ပါသည်။

ဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်ခိုင်က ရခိုင်ပြည်နယ်အတွင်း နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး အတွက်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို လည်းကောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။

  တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ တိုးတက်သုံးစွဲ လာမည့် ဓာတ်အားလိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက် ထားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင် ရယူသုံးစွဲမှု များကြောင့် လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားခများအား သတ်မှတ်ချိန် အတွင်းကောက်ခံရရှိရေး မြို့နယ်၊ ခရိုင်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဘဏ္ဍာရေး တာဝန်ခံများက အောက်ခြေထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အလားတူ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး ပညာပေးသတိပေးခြင်းနှင့် ဓာတ်အားလိုင်း များတစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းသွားကြရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏တိုးတက်သုံးစွဲ လာသော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသေးသည့် ဓာတ်အားမရရှိသေးသည့် မြို့များနှင့် ကျေးရွာများသို့ ဓာတ်အားရောက်ရှိ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၃၃ ကေဗွီ ဓာတ်အားခွဲရုံများ အပါအဝင် ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားလိုင်းများအား ကြိုတင်တိုင်းတာ တွက်ချက်မှုများ ဆောင်ရွက်ပြီး နှစ်အလိုက်ရံပုံငွေ လျာထားနိုင်ရန် ပြည်နယ်အစိုးရသို့ တင်ပြ၍ ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ထို့အပြင် ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအတွက် ပြန်လည်စိစစ်လက်ခံရေးစခန်း၊ ယာယီကြားစခန်းများနှင့် လျာထားကျေးရွာများသို့ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံချက်များဖြင့် စနစ်တကျဆောင်ရွက်ထားရန်နှင့် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်း များ၏ သက်သာချောင်ချိမှုဖြစ်စေရန် ထောက်ပံ့လျက်ရှိသော အိမ်ငှားစရိတ်များကိုလည်း ရရှိစေရေး တင်ပြတောင်းခံပေးကြရန် လိုအပ်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံတွဲမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၆၆ ကေဗွီ သံတွဲ(နန်းချောင်း)ဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးမောင်မောင်ခိုင်က ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဓာတ်အားစနစ်ကြံ့ခိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်း စစ်ဆေး ဆောင်ရွက်ရန်လိုကြောင်း၊ ဓာတ်အားခွဲရုံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ပစ္စည်းများအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် သွားကြရန်လိုကြောင်း၊ ဓာတ်အား ပြတ်တောက်မှု Line Fault နှင့် Line Losses လျော့နည်းကျဆင်းရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားခဲ့ပြီး ဓာတ်အားခွဲရုံထိန်းချုပ်ခန်းအတွင်း ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Oct-2022