The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ( ၁၅ ) ရက်

              ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် သုတေသနလေ့လာရေးခရီးစဉ်နှင့် (၁၂) ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂) တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့အနီးရှိ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်လေ့လာကြသည်။

           ထိုသို့လေ့လာရာ စက်ရုံအတွင်းရှိ Water Intake၊ Observation deck တို့ကိုလည်းကောင်း၊ ၅၀၀ကေဗွီ Switchyard တို့ကိုလည်းကောင်း၊ ဓာတ်အားပေးစက်ရုံထိန်းသိမ်းမောင်းနှင်နေသည့် ဝင်းအတွင်းရှိ ဓာတ်အားပေးစက်များနှင့် Main Control Panel တို့ကိုလည်းကောင်း ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။

            ယင်းနောက် စက်ရုံအစည်းဝေးခန်းမတွင် RusHydro Group နှင့် Zagorskaya PSPP တို့နှင့် ပတ်သက်၍ PJSC RusHydro, International Cooperation Department အကြီးအကဲဖြစ်သူ Mr. Artem Sokhikyan နှင့် Zagorskaya PSPP ၏ Director Mr. Victor Zhiznevskiy တို့က ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့နွေးထွေးစွာကြိုဆိုသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ရုရှား - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ လက်ရှိဆောင်ရွက်နေသော 1200 MW Pump Storage ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်နေမှုကို လေ့လာတွေ့ရှိရသဖြင့် မိမိနိုင်ငံအတွက် များစွာ အကျိုးရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဆွေတော်တို့ ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ မိမိတို့အပေါ်တွင် အလေးအနက်ထား၍ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရသဖြင့် အထူးဝမ်းမြောက်မိပါကြောင်း ပြောကြားပြီး စက်ရုံနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြီးမေးမြန်းသည်။

              မြန်မာနိုင်ငံရှိ ရေအားအရင်းအမြစ်များကို လေ့လာရန်လိုအပ်သည့် နည်းပညာအကူအညီပေးရန် RusHydro Group မှ ပညာရှင်များပါဝင်သည့်အဖွဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း လာရောက်လေ့လာ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးချက်များအရ သိရှိရသည်။

              အဆိုပါ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မော်စကိုမြို့အနီးတွင် တည်ရှိပြီး ကုညာမြစ်အား ရေတံခါးထိန်းကိရိယာများဖြင့် အဖွင့်အပိတ်ဆောင်ရွက်၍ ရေထိန်း ဧရိယာ 22. 4 Million Cubic Meter (၁၈၁၆၀ ဧကပေ) ရှိကာ 1200 MW ကို နေ့စဉ်အမြင့်ဆုံး သုံးစွဲသည့်အချိန် လေးနာရီခွဲခန့်မောင်းနှင်၍ ညအချိန်တွင်နေ့ပိုင်း၌ သုံးစွဲလည်ပတ်မောင်းနှင်ထားသောရေများကို Pump များဖြင့် ၁၀၀ မီတာအမြင့်ရှိ ရေထိန်းကန်အတွင်းသို့ ပြန်လည်မောင်းနှင်၍ အကျိုးရှိစွာဖြင့် အသုံးချဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ထပ်မံ၍လည်း 800 MW အား တိုးချဲ့ ဆောင်ရွက်လျက်ရှိပြီး မော်စကိုမြို့၏ အဓိကသုံးစွဲလျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်ပေးနေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။ 

 

credit : ပြန်ကြားရေးဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
18-Nov-2022